
🔴 အက်ဆေးကဏ္ဍ 🔴
အိမ်အိုကလေးရဲ့ဋီကာ
____
ဆူဏီးလ်
၁၁ ဇူလိုင် ၂၀၂၄။
(၁)
အိမ်အိုလေးကိုဖြိုဖျက်ပြီး ထိုနေရာမှာ အခြားသောအရာများဖြင့် အစားထိုးကြပေတော့မည်။ ဘဝ၏သက်ပြင်း များ ခိုတွဲနေခဲ့ဖူးသော အိမ်အိုလေး၏ကောင်းကင်ထဲ တိမ်တိုက်များဖြစ်နေသော ကျွန်တော့် ငွေ့ရည်ဖွဲ့ခဲ့မှုများ။ ထိုအိမ်အိုလေးသည် ရက်စက်သောလောကဓံတရားများကို ခါးစည်းခံခဲ့ဖူးသလို ပျိုမြစ်သောအချစ်များကိုလည်း မွေးဖွားပေးခဲ့ဖူးပါသည်။
အိမ်အိုကလေး၏ တစ်ခါတုန်းကအစချီပုံပြင်များတွင် Nippon အမျိုးအစားကက်ဆက်ကလေးတစ်လုံးလည်း ပါဝင်ခဲ့သည်။ ထို့ပြင် ရန်ကုန်သားတွေလုပ်တဲ့ အိုးကြီး ကြီးနဲ့ဂစ်တာလည်း ပါဝင်ခဲ့သည်။ ထိုအိမ်အိုလေးတွင် ဟာလီဒဗစ်ဇင်နဲ့လေးဖြူ။ အိုင်စီနဲ့အီးဂဲလ်။ အံစာတုံးလေးတလှိမ့်လှိမ့် ပါဝါ ၅၄။ ပရိုဂျူဆာလေးဖြူနဲ့ စကားများပြီး The Ants ကထွက်သွား ၊ နောက်တော့လည်း က,
နေတဲ့အရိုးခြောက်ကြီးနဲ့ ပြန်လာခဲ့တဲ့ ဒိုးလုံး။ အနောက် တောင်မုတ်သုံဝေါရှိထ် ၊ မှန်အိမ်လေး၊ ကောင်းဇုံ။
Alternative ဆိုသည်က ကျွန်တော့်အိမ်အိုခေါင်မိုးများကိုထိုးဖောက်ပြီးနောက်မှ ကမ္ဘာမြေပြင်ပေါ် ကျရောက် ပေါက်ကွဲခဲ့သောအရာဖြစ်သည်။
ထိုအိမ်အိုကလေးတွင်ပင် နင့်ဖာသာဘယ်ရောက်ရောက် ငါကတော့လိုက်ကောက်နေမှာပဲ ဟုဆိုခဲ့ဖူးသော မိန်းက လေးတစ်ယောက်ကို ကျွန်တော်ကောက်ရခဲ့ဖူးသည်။ တကယ်လည်း ကျွန်တော်ဘယ်ရောက်ရောက်၊ သူမ လိုက်ကောက်ခဲ့ပါသည်။ လုပ်ချင်ရာလုပ်ပြီး သွားချင်ရာသွားနေတတ်သော အတ္တကြီးကြီးနဲ့လူတစ်ယောက်အဖို့ ဘယ်ရောက်ရောက် လိုက်ကောက်မှာပဲဆိုသူမျိုးကတော့ရှိနေသင့်ကြောင်း ကျွန်တော်သိလိုက်ရချိန်မှာတော့
ခေါင်မိုးပေါ်ပြိုကျလာသော တဖြောက်ဖြောက်မိုးရေစက်သံများကို ကြားလိုက်ရပါသည်။
(၂)
တစ်ခါတုန်းများဆီကကျွန်တော်သည် နှစ်ခြမ်းခွဲထားသော Nippon အမျိုးအစားကက်ဆက်တစ်လုံးဆီမှအသံများအား ကိုယ်လိုသလိုရလာ ၊ ဖြစ်လာအောင် ကျောက်လှဲ့တစ်ချောင်းဖြင့် ကလိနေခဲ့ဖူးပါသည်။ ကျောင်းစာ အုပ်များအစား သီချင်းစာအုပ်များတွင်ဖော်ပြထားသော ဂီတသင်္ကေတများကို အလွတ်ကျက်ခဲ့ဖူးသည်။ C Am F G မှာ မကုန်နိုင်တဲ့ ဂီတသံစဥ်တွေရှိတယ်ဟု ကဗျာဆရာ စိုင်းဝင်းမြင့်ရေးခဲ့ဖူးတာ အမှန်ပင်ဖြစ်ကြောင်း ကျွန် တော်က ထပ်မံအတည်ပြုပေးချင်ပါသည်။
ကျောင်းဆင်းတဲ့အချိန် မိုးသည်းသည်းမရွာသော်လည်း လွယ်အိတ်ကလေးနဲ့ကောင်မလေးအိမ်ရှေ့မှာတော့ ည ဖက် ညဖက်တွေမှာ ကျွန်တော်တို့ မိုးများသွားသွားရွာခဲ့ကြပါသည်။ ထို့ကြောင့် ထီးကလေးကိုအသာဖွင့်ပြီးလည်း ကျွန်တော့်ကိုသူမက မဆောင်းပေးခဲ့ဖူးပါ။ တ ကယ်တော့လည်း ထိုအဖြစ်အပျက်များအားလုံးကို အိမ်အိုကလေး၏ ကြွက်တွင်းကြီးများထဲ လွန်ခဲ့သောဆယ်စုနှစ်များစွာကတည်းက မြေမြှုပ်ခဲ့ပြီးသားဖြစ်ပါသည်။
ဆစ်ဒနီအနောက်ဘက်တောင်ရိုးကြီးဆီက အန်ကယ်ကြီး ၏စာများကိုဖတ်ရတိုင်း လိင်ဆက်ဆံရေးအပေါ် အခြေခံမဟုတ်သလို မည်သည့်အရာများပေါ်တွင်မှအခြေမခံဘဲ ချစ်ခြင်းသက်သက်မှာအခြေခံသည့် သူမ၏ အပြစ်ကင်းသောချစ်ခြင်းများကို ကျွန်တော်အမှတ်ရနေမိတတ်ပါသည်။
ဘဝအတွက်ရိုးသားခြင်းများဆိုသည်က လွန်ခဲ့သောနှစ် အနည်းငယ်ကပင် သေဆုံးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် လည်းနောက်များ ကြုံကြိုက်ခဲ့ရဦးမည်ဆိုပါက ရဲရဲနီအောင်ပွင့်နေကြသောလက်ပံပင်ကြီးအကြောင်း သင်တို့အား ပြောပြခဲ့ချင်ပါသေးသည်။
(၃)
ငယ်ဘဝအတွက် အလိုချင်ဆုံးသောအိပ်မက်က Sound Box နှစ်လုံးနှင့် အီကွေလိုက်ဇာပါဝင်သော စက်တစ်လုံးဖြစ်ခဲ့သည်။ မပြည့်စုံသောမိသားစုအဖို့တော့ တန်ဖိုးကြီး သောအိပ်မက်တစ်ခုသာဖြစ်ခဲ့ရပြီး အိမ်ခေါင်တိုင်ကိုစွဲလောင်ခဲ့သော တငွေ့ငွေ့မီးခိုးလည်းဖြစ်သည်။ ထိုသို့ဖြင့် လည်ချောင်းတလျှောက်ဝင်ရောက်ပျောက်ကွယ်သွားသော ဆေးလိပ်မီးခိုးတွေအပေါ် သာယာလာမိ ၊ ငြိလာမိ သည်။
အကယ်၍ “ဘယ်လိုအချိန်တွေမှာ မင်း အပျော်ရွှင်ဆုံးဖြစ်ခဲ့လဲ”ဟု တစုံတယောက်ကမေးမြန်းခဲ့သည်ဆိုပါက ကျွန်တော် ဤသို့ဖြေဆိုပါမည်။
ညဘက်လူခြေတိတ်ချိန် သူငယ်ချင်းတစ်ယောက်ရဲ့တေးသံသွင်းဆိုင်ထဲ ကိုယ့်စိတ်ကြိုက်လက်ရွေးစင်သီ
ချင်းတွေရွေးကူးဖို့ သီချင်းရွေးချိန် နဲ့ သီချင်းစီတဲ့အချိန်တွေပါပဲ. .ဟု။
သိပ်မကြာသေးခင်ကပဲ “Stereo Cafe ၊ စတီရီယိုကဖီး စကားဝိုင်း” Facebook Page Admin Team နှင့် ယင်းမာ ဦးချစ်ခင်တို့ စကားဝိုင်းကိုကြည့်လိုက်မိသည်။ ယင်းမာတေးသံသွင်းအောင်မြင်ရခြင်းတွင် ထိုသို့သော လက်ရွေး စင်သီချင်းကောင်းများအား အသံကွာလတီမကျအောင်ထိန်းသိမ်းပြီး ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ယင်းမာဦးချစ်ခင်ကပြောပါသည်။ ထိုအခါ ရောင်းတန်း ဝင်မဟုတ်သည့်အတွက် ဈေးကွက်ထဲမရောက်ခဲ့သော ကျွန်တော့်စိတ်ကူးများအကြောင်းတွေးမိပါတော့သည်။
ဆရာမြို့မငြိမ်းက ယခုကဲ့သို့ ပြောဆိုခဲ့ဖူးသည်။
“မူးမြစ်ကမ်းနံဘေးမှာ ယူဂိုဆလပ်မုန်လာဥတွေစိုက်မယ်ဆိုရင် အောင်မြင်လိမ့် မယ်။ ငါကတော့ မစိုက်အားသေးဘူး။ သီချင်းတွေရေးရဦးမယ်။ မင်းတို့စိုက်ကြ”
(၄)
ယခုလိုမိုးများအုံ့လျက်ရှိသော မနက်ခင်းမှာတော့ “ဆုန်းဆုန်းဖြတ်ဖြတ် ဆုံးဖြတ်ပါ” ဟု ရေးသားခဲ့ဖူးသော ဆရာဇော်ဇော်အောင်နှင့် သူ၏အရေးအသားများကို သတိရနေမိသည်။ တကယ်တော့ ကျွန်တော့်အနေဖြင့် ဆရာဇော့်စာများနှင့် များစွာရင်းနှီးကျွမ်းဝင်မှုမရှိသေးပါ။ ကျွန်တော်
က ဆရာဇော်ဇော်အောင်ကို အဝေးကနေ ရပ်ကြည့်ခဲ့ ၊ အားကျလေးစားခဲ့သူတစ်ယောက်မျှသာ ဖြစ်ပါသည်။ အမှန်ဝန်ခံရလျှင်မူ ဆရာဇော်ရေးသားသော ပိုစ့်မော်ဒန်ဆိုင်ရာအရေးအသားများက နဂိုရှိရင်းစွဲ ကျွန်တော့်
အမြင်များအားလုံးကို အမြစ်ကနုတ်ပစ်ခဲ့ပါသည်။ ထို့ ကြောင့် “ဒီလိုဆိုရင်ကောမရဘူးလား” သီအိုရီများကို သဘောကျခဲ့ပြီး အချိုးများဖျက်ပစ်ခြင်းအပေါ် ကျွန် တော်များစွာရင်ခုန်မိတော့သည်။
“ဆုန်းဆုန်းဖြတ်ဖြတ် ဆုံးဖြတ်ပါ” ဟူသည်က ဆရာ့ဘာသာပြန်ဆိုချက်တစ်ရပ်ဖြစ်သည်။
“UNDECIDABILITY” ကို ဆရာဘာသာပြန်ဆိုခဲ့ခြင်းဖြစ်ပြီး အမှန်အမှားကိုတာဝန်ယူကြောင်း နှင့် မှားလျှင်ပြင်ပါ ၊ ဝန်ခံပါမည်ဟု ရေးသားခဲ့ပါသည်။ ဆရာအမြဲလိုလို ပြောလေ့ရေးလေ့ရှိတတ်သော နောက်တစ်မျိုးကိုလည်း ကျွန်တော်မှတ်မိနေပါသေးသည်။
” မှားရင် နောက်လူတွေပြင်ကြလိမ့်မယ်။ မသိရင်လည်း တော်ရာလျော်ရာသွားပြောကြ ၊ အလုပ်ရှုပ်တယ်”
မြန်မာစာအရေးအသားတွင် ရှေ့က ဆုန်း က နောက်က ကြိယာ ဆုံးဖြတ် ကို အထူးပြုကြောင်းနှင့် ဆုန်းဖြတ် နှင့် ဆုံးဖြတ် မတူဘူးဟု ဆရာကပြောခဲ့ပါသည်။ ဆုန်း ဟူ
သောအသုံးနှင့်ပတ်သက်ပြီး ကျွန်တော်ကြိုးစားလေ့လာခဲ့ရပါသည်။ ထိုအခါမှာတော့ သိပ်ကိုလှပသော ဘာသာပြန်ဆိုချက်တစ်ရပ်ဖြစ်ကြောင်း ကျွန်တော်သိရှိလာခဲ့ရတော့သည်။
ယခုအရေးအသားများက ကျွန်တော့်အကြောင်းပြောနေခြင်းဖြစ်သောကြောင့် မဖတ်လိုပါကကျော်သွားနိုင်ပါ သည်။ ကျွန်တော်စာရေးသည်က ကျွန်တော့်အကြောင်းပြောချင်၍ဖြစ်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် လူကောင်း လူတော်တစ်ယောက်အဖြစ် မည်သည့်အခါတုန်းကမျှမဖော်ပြခဲ့ဖူးပါ။ စင်စစ်တော့ကျွန်တော်သည် အတ္တကြီးပြီးအမှားပေါင်းသောင်းခြောက်ထောင်နှင့် လူတစ်ယောက်ဖြစ်သလို ဘဝဖြစ်တည်နေရခြင်းအပေါ် အမြဲနာကျည်းနေမိသူတစ်ယောက်မျှသာဖြစ်သည်။ မပျော်ရွှင်သောလူတစ်ယောက်မျှသာဖြစ်သောကျွန်တော့်အဖို့ နောက်ထပ်နာကျင်စရာများကိုလည်း ထူးပြီးအပြစ်ပြောနေဖို့ မထိုက်တန်တော့။ လူညံ့တစ်ယောက်ဖြစ်မသွားအောင်သာ ကြိုးစားသင်ယူရပေဦးတော့မည်။
ဆရာဇော်ဇော်အောင်၏ ထိုအရေးအသားများကို လွန်ခဲ့ သောဆယ်စုနှစ်နှစ်ခုကျော်လောက်က ဖတ်မှတ်ခဲ့ရသော်လည်း ယခုတိုင် စွဲထင်နေပါသေးသည်။ အိမ်အိုကလေးနှင့်အတူ လူလားမြောက်ကြီးပြင်းခဲ့ရမှုတွင် ထိုအရာများအား ချန်ထားပစ်ခဲ့၍မရပါ။
နောက်ထပ်ပြောစရာများလည်းရှိနေပါသေးသည်။တစ်နေ့နေ့တွင်တော့ ကျွန်တော်ပြောဖြစ်လိမ့်မည်ထင် သည်။
(၅)
အိမ်အိုလေးတွင်းသို့ ထိုးစိုက်ဆင်းနေသောနေရောင်ခြည်များ တဖြည်းဖြည်းရင့်ရော်ဟောင်းနွမ်းကုန်ကြသည်။ မကြာခင် အရာအားလုံး အမှောင်ဖုံးတော့မည်။ ထိုသို့ဖြင့်
ကွယ်လွန်သွားကြသူများလည်း ကျွန်တော့်ဘဝကို ဖြတ် သန်းသွားခဲ့ကြသည်။ ငယ်စဥ်ကတည်းက ဆက်တိုက်ဆိုသလိုကြုံတွေ့ခဲ့ရသော သေခြင်းတရားက စိတ်မှာအမြစ်လိုဆွဲနေသည်။
တခါတခါတော့လည်း ကိုယ့်ကိုယ်ကိုယ်သေဆုံးပြီးသူတစ်ယောက်လို စိတ်ကူးကြည့်ခဲ့မိသည်။ ထိုအခါမှာတော့ ဘဝဖြစ်တည်ရခြင်း၏ အဓိပ္ပါယ်မဲ့မှုနှင့် အလဟဿဖြစ်ရမှုများကို ခံစားရမိတော့သည်။
သေသွားတော့လည်း အားလုံးပြီးသွားတာပါလား။ ဒီလူတစ်ယောက်တော့ဖြင့် ဒီကမ္ဘာကြီးမှာ ရှင်သန်နေထိုင်ခဲ့ဖူးတယ်ဆိုတာ ဘယ်သူက အရေးစိုက်နေလို့လဲ။ နေ့စဥ် သေဆုံးကွယ်ပျောက်နေကြသူတွေ အများကြီးထဲတွင် ကိုယ်ရှင်သန်ခဲ့ဖူးကြောင်း ခေါင်းလောင်းထိုးခဲ့ဖို့တော့လိုပါသည်။
ထိုသို့မှမဟုတ်ပါက လူတစ်ယောက်၏ရှင်သန်ခြင်းက ခွေးတစ်ကောင်၏ရှင်သန်ခြင်းထက် ဘာမျှမထူး။ လိင် ဆက်ဆံခြင်းအပေါ်အခြေခံထားသည့် တိရစ္ဆာန်တစ်ကောင်လိုရှင်သန်နေရုံနဲ့ ဘဝမမြည်ပေ။
ကျွန်တော့်ဘဝတွင် မှတ်မှတ်ထင်ထင်အဖြစ် ပထမဆုံးတိုးတိုက်မိသောအရာက ဆက်တိုက်ဆိုသလိုကြုံတွေ့ခဲ့ရ သော သေခြင်းဖြစ်သည်။ ငယ်စဥ်က မသိလိုက်မသိဖာ သာကျော်ဖြတ်ခဲ့ဖူးသော်လည်း သေခါနီးအခြေအနေကိုတွေးကြည့်တော့ အဓိပ္ပါယ်မဲ့မှုကလွဲပြီး ကျန်တာဘာမှမတွေ့။ တစ်ယောက်ကတစ်ယောက်ကိုလိမ်လည် ၊ တစ်ယောက်ကတစ်ယောက်ကို ချည်နှောင်ဖို့ကြိုးစား ၊ ထိုသို့ဖြင့် မိမိတို့အာသာဆန္ဒများအပေါ်အခြေခံပြီး သားသမီးများမွေးဖွားလာ။
မည်သူ့ကိုမည်သူကမျှရွေးချယ်ပိုင်ခွင့်မရှိပါ။ ကျွန်တော်
မွေးဖွားခဲ့သည်မှာလည်း မိဘတို့၏လိင်စိတ်ဆန္ဒအရကြောင့်သာဖြစ်သည်။ ကျွန်တော်မှမဟုတ် အားလုံးက သည်အတိုင်းသာဖြစ်သည်။ အားလုံးက အခြားသူတို့၏ လိင်စိတ်ဆန္ဒအရ ၊ လိင်ဇောအရ မွေးဖွားလာကြသူများသာဖြစ်ကြပါသည်။ ထို့ထက် မည်သူကမျှမပိုပါ။
ကျွန်တော့်အနေဖြင့်တော့ ဤကမ္ဘာမှမဟုတ်။ နောက်ထပ်ကမ္ဘာကြီးများရှိနေလျှင်လည်း မလာရောက်လိုတော့။ လူသေရင်လည်း လူပြန်မဖြစ်ချင်တော့။ သရက်ပင်က သရက်သီးလည်းပဲ မသီးချင်တော့။ ဘာကိုမျှမသီးပွင့်ချင်တော့။
အဘယ်ကြောင့်ဆိုသော် မည်သူ့ဘဝဖြစ်တည်မှုတွင် မဆို ကိုယ့်ဖြစ်တည်မှုက ဒုတိယဖြစ်ပြီး အခြားသူများ၏ လိင်စိတ်ဆန္ဒဇောက ပထမဖြစ်သောကြောင့်တည်း။
(၆)
တစ်ခုတည်းသောချောင်းကလေး၏ တသွင်သွင်စီးသံမှာလည်း ကျွန်တော်မအေးချမ်းနိုင်တော့ပါ။ ချစ်ခြင်းရဲ့တည်ရှိနေခြင်းကို ပစ်ပယ်ထားသော လူတစ်ယောက်အဖို့တော့ မပျော်ရွှင်တဲ့အကြောင်းကသာ အခေါင်းကိုစက္ကူကပ်နေပါသည်။ ကျွန်တော့်ရှေ့ထိုးကျနေသောနေရောင် ခြည်ကိုလည်း မယုံကြည်နိုင်တော့ပါ။
အသက်ကိုဖက်ဖြင့်ထုပ်ထားရသောဇောချွေးများ ကျွန် တော့်ကိုဖြတ်သန်းသွားခဲ့ကြသည်။
တောင်ပေါ်လမ်းတလျှောက် တအိအိတက်လာသောဂျစ် ကားငယ်များ ကျွန်တော့်ကို ဖြတ်သန်းသွားကြသည်။ နီးရာဓားကြောက်နေ့ရက်များ ကျွန်တော့်ကိုဖြတ်သန်းသွားကြသည်။ လူအိုကြီးများရဲ့ အရက်ဖြူဖြူညနေခင်းများ ကျွန်တော့်ကိုဖြတ်သန်းသွားကြသည်။ လျှပ်စစ်မီးရယ်လို့မရှိ ၊ ထမင်းစားပွဲပေါ်က မီးခိုးတလူလူ ရေနံဆီမီးခွက်များ ကျွန်တော့်ကို ဖြတ်သန်းသွားကြသည်။
“ဖေဖေလည်းချမ်းမြေ့ပါစေ ၊ မေမေလည်းချမ်းမြေ့ပါစေ ၊ အားလုံးလည်းချမ်းမြေ့ပါစေ”ဟူသော “ချမ်းမြေ့ပါစေ” သီချင်းပြီးရင် ရုပ်ရှင်စပြပြီဆိုသည့် အသိတို့ဖြင့်တည် ဆောက်ထားသောညနက်နက်များ ကျွန်တော့်ကိုဖြတ် သန်းသွားကြသည်။ ထိုသို့ဖြင့် “ဒီပေါက်ကွဲမှုမှာ ငါပြိုလဲလိုက်ချင်တယ်”ရေးလက်စသီချင်းတပိုင်းတစများ ကျွန် တော့်ကိုဖြတ်သန်းသွားကြသည်။
ယခုတော့လည်း တဖြည်းဖြည်း. . .ဝေး၍. . . .ဝေး၍ သွားသောတိမ်တိုက်များအားမလွမ်းတော့သလို မသိမှုဖြင့် လိုက်ပါခံစားခဲ့မိသောခံစားချက်များအပေါ် လည်း မနာကျင်တော့ပါ။
ချန်ရစ်ခဲ့ပြီးဖြစ်သော အတိတ်သမိုင်းဒုက္ခတွင်းပျက်ကြီးထဲမှာတော့ အီထုံသော ငွေကြေးရနံ့များ ၊ ခွဲစိတ်ဖြတ်တောက်ထားသောသက်ပြင်းများ ကျန်နေရစ်ပေလိမ့် မည်။
တစ်ဦးတစ်ယောက်အပေါ်ယုံကြည်စိတ်ဖြင့် မည်သည့်အရာကိုမျှ မပုံအပ်တော့ပါ။
(၇)
လူဆိုတာ အတိတ်ရဲ့သားကောင်ဖြစ်၏။ အမရာဝိက္ခေပ အယူဝါဒသည် သိဥ္ဇာည်းဆရာကြီး၏အယူဝါဒဖြစ် သည်။ အရှင်သာရိပုတ္တရာရဲ့ ပထမဆုံးသောအယူဝါဒ လည်းဖြစ်သည်။ အမရာဝိက္ခေပဝါဒီဖြစ်သော သာရီပု ဏ္ဏေးမကြီး၏သားသည်လည်း ဟိုလိုလို ဒီလိုလို ၊ ကုသိုလ်လားဆိုတော့လည်း ဤသို့ကား ငါမယူ ၊ အကု သိုလ်လားဆိုပြန်တော့လည်း ဤသို့ကား ငါမယူ ၊ ဒါဆို ကုသိုလ်လည်းမဟုတ် အကုသိုလ်လည်းမဟုတ်ဘူးလား ဆိုပြန်တော့လည်း ဤသို့ကား ငါမယူ။
မည်သည့်အရာတွင်မျှအခြေမတည်ဘဲ ဟိုလိုလို ဒီလိုလိုဝါဒသည် မျက်မှောက်ခေတ် ၂၁ ရာစုတွင် ပိုပြီးခေတ်စား
နေသေးသလား။ ကျနော်မသိပါ။ ဂေါတမနှင့်ခေတ်ပြိုင် အတူရှိခဲ့သော တိတ္ထိဆရာကြီး ၆ ယောက်တွင် သိဥ္ဇာည်းဆရာကြီး၏ အယူဝါဒက အန္တရာယ်အပေးဆုံးနှင့် ကြောက်စရာ အကောင်းဆုံးဖြစ်ခဲ့သည်ဟု ဆိုပါသည်။
ဂျပန်လို စျင်၊ တရုတ်လို ချန် ဆိုသည်ကို တရားအား ထုတ်ခြင်းဟု အနက်ဖွင့်ကြပါသည်။ ဈင်းကိုစတင်တည် ထောင်သူမှာ ဗောဓိဓမ္မဖြစ်ပြီး ကိုးနှစ်လုံးလုံး နံရံကိုစိုက် ကြည့်ပြီး တရားထိုင်နေခဲ့ဖူးသည်။ ဈင်မှာ အရေးအကြီး ဆုံးက ဆာတိုရီရသွားဖို့သာဖြစ်သည်။ ဆာတိုရီကို ယခုလိုနည်းလမ်းများဖြင့် ရရှိနိုင်ပါသည်။
ဗောဓိဓမ္မ. – သင်ဘာအလိုရှိသလဲ။
ဟွီကို – စိတ်အေးချမ်းချင်ပါတယ်။
ဗောဓိဓမ္မ. – ဒါဆို မင်းစိတ် ငါ့ဆီယူခဲ့။
ဟွီကို – စိတ်ကိုရှာပေမယ့် မတွေ့ပါဘူး။
ဗောဓိဓမ္မ. -တွေ့လား၊မင်းစိတ်အေးချမ်းသွားပြီ။
ထိုသို့ဆိုစဥ်ခဏမှာပင် ဟွီကိုလည်း ဆာတိုရီရသွားပါ တော့သည်။
ထိုသို့ဖြင့် အမေးအဖြေများက ဈင်သဘောတရား၏ သင်ကြားချက်ဖြစ်လာခဲ့သည်။ တချို့ဈင်ဂိုဏ်းတွေက တော့ တရားထိုင်ရင် တရားမရဘူး။ တရားမထိုင်မှ တရားရတယ် ဟု ယူဆပြောဆိုကြသည်။
ဆာတိုရီရစေရန် လူကိုလည်းရိုက်လေ့ရှိတတ်ပါသေး သည်။ ဈင်ဆရာကြီး ဟွမ်ပို ထံသွားပြီး လင်ချီ က ဗုဒ္ဓ တရားတော်ရဲ့ နက်နဲတဲ့သစ္စာတရားက ဘာပါလဲဟုမေး သောအခါ ဟွမ်ပို က ဘာမျှပြန်မပြောဘဲ အချက်နှစ်ဆယ်ခန့် ရိုက်နှက်ပစ်လိုက်လေသည်။ နောက်ထပ်နှစ်ကြိမ်စလုံးလည်း ဤအတိုင်းပင်။ နောက်ဆုံးလေးကြိမ်မြောက်မှာတော့ ဟွမ်ပို က တာယုထံသွားခိုင်းလေသည်။ တာယု ထံရောက်သောအခါ တာယု က လင်ချီအား ဟွမ်ပို မှာ မေတ္တာတရားကြီးမားလွန်းသောကြောင့်သာ ရိုက်ရခြင်း ဖြစ်ကြောင်းပြောဆိုနေစဥ်မှာပင် လင်ချီ လည်း ဉာဏ်အလင်းပေါက်ပြီး တရားကိစ္စပြီးလေတော့သည်။
ဟွမ်ပိုထံသို့ လင်ချီပြန်ရောက်တော့ ဟွမ်ပိုပါးကို လင်ချီ က အားပါးတရပိတ်ရိုက်ပစ်သည်။ ဟွမ်ပိုက ဒီ စောက်ရူးကတော့ ဟုအော်ဟစ်တော့ လင်ချီကလည်း မိုးခြိမ်းသံကဲ့ သို့ အသံမျိုးပြန်ပြု၏။ ထိုသို့ဖြင့် လင်ချီ လည်း ဟွမ်ပို ၏ အရိုက်အရာကိုဆက်ခံသူ တပည့်ကြီးဖြစ်လာခဲ့လေတော့သည်။
ဈင်သည် ကြောင်းကျိုးဆက်စပ်သော ယုတ္တိဗေဒဉာဏ် ပညာကို တွန်းလှန်ပစ်ပြီး လူတို့၏ ဆင်ခြင်တုံတရားကို ပျက်ရယ်ပြုလိုက်လေတော့သည်။ ထိုအခါ ဆင်ခြင်တုံ
တရားဖြင့်တည်ဆောက်ထားသည်ဟု လူတို့ကဆိုလေ့ရှိသောလောကကြီးသည်လည်း ဈင်ဝါဒီတွေအဖို့တော့ ရယ်စရာသက်သက်သာ ဖြစ်ပေတော့၏။ သနားဖို့သာ ကောင်းပေတော့သည်။
အိမ်အိုကလေးထဲ နေထိုင်ကြီးပြင်းမှုများတွင် ကျွန်တော် သည် ဂျာမန်စာရေးဆရာကြီး ဟာမန်ဟက်စ် ရေးသား သော သိတ္ထဒ္ဓ ကို သတိရမိနေတတ်ပါသည်။ အလုံးစုံကို သိ၍ မိမိကိုယ်မိမိဘုရားဟုကြေညာထားသူတို့နှင့်ဆုံရ သည့်တိုင် သိတ္ထဒ္ဓ ဖယ်ခွာသွားခဲ့ပါသည်။
လောက၌ရှင်သန်စဥ် သိတ္ထဒ္ဓ လောက်တော့ သတ္တိရှိသင့်သည်။ ဟာမန်ဟက်စ်၏ သိတ္ထဒ္ဓက ဘုရားလောင်းမဟုတ်ပါ။
(၈)
ငြိမ်းချမ်းရေးစကားပြောနိုင်ဖို့ စစ်ပွဲတွေကို အရင်ဖြတ်ခဲ့ရသည်။ နာကျင်အောင်လုပ်လိုက်တဲ့လူက နာကျင်အောင်အလုပ်ခံလိုက်ရတဲ့လူထက် ပိုပြီး နာကျင်ရတတ်ပါသည်။ မှတ်ဉာဏ်က ဓားထက်ထက်တစ်ချောင်းနှင့်တူပြီး တိတ် ဆိတ်ခြင်းကတော့ အကောင်းဆုံးအော်ဟစ်နည်းဖြစ်၏။
အရာအားလုံး ဆုံးရှုံးလိုက်ရပြီဟုသိလိုက်ရသော ညနေ ခင်းတစ်ခုမှာတော့ ကျွန်တော်သည် ရေစီးသန်သောချောင်းကလေးကို ငုံ့ကိုင်းကြည့်နေမိခဲ့သည်။ တစ် ယောက်ယောက်ကတော့ဖြင့် အမြဲပျောက်ပျောက်နေခဲ့ပါသည်။ လောကတွင် သူတစ်ပါးဘဝကိုချနင်းပြီး အခြားသူတစ်ဦးထံမှရရှိလာမည့်သနားခြင်းမျိုးကို ရယူတတ်သောလူများရှိကြောင်း စီးနေသောရေများကိုငေးရင်း ကျွန်တော်တွေးနေမိခဲ့သည်။
အမြဲဒူးထောက်နေခဲ့ရတော့လည်း မတ်တပ်ရပ်ရတဲ့ခံစားချက်ကို မေ့လျော့သွားခဲ့ပါပြီဟု သူမဆိုခဲ့ဖူးလေသေး သလား။ ကျွန်တော် မသိတော့ပါ။ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်မှာ ညှိနေတဲ့ချက်ကြိုးကို အရင်ဖြတ်ရပါသည်။ တစ်ယောက်ခေါင်းမှာတောက်သောမီးကြောင့်လည်း ကမ္ဘာတစ်ခုလုံးလောင်ကျွမ်းသွားနိုင်ပါသည်။
ကျနော့်ဘက်က ယတိပြတ်ဆိုရန်ရှိသည်က –
အချစ်မှာ
ကိုယ်မမြတ်နိုးလျှင်
အိပ်မက်၌ပင် သုက်မလွှတ်ချင်တော့ပါ။
ဆူဏီးလ်