
ဇွန်လ ၁၄ ရက် ၂၀၂၄
ကရင်ပြည်နယ်၊ကျုံဒိုးမြို့မှာ အမျိုးသားတွေကို ဆိုင်ကယ်နှစ်ယောက်မစီးရဘူးဆိုကာ အရင်ကထက်စစ်ဆေးမှုတွေပိုမိုပြုလုပ်လာတယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတွေဆီ ကနေသိရပါတယ်။
ဇွန်လ ၁၂ ရက်နေ့ကကျုံဒိုးမြို့ပေါ်မှာ ဆိုင်ကယ်ကိုအမျိုးသား၂ယောက်မစီးဖို့၊အမျိုးသား တွေလွယ်အိတ်မလွယ်ဖို့နဲ့ ဆိုင်ကယ်ကို အမျိုးသမီးရှေ့ကမောင်းပြီး အမျိုးသားတွေကို အနောက်မှလိုက်မစီးဖို့လိုက်လံကြေညာခဲ့ပါတယ်။
ဇွန်လ ၁၃ရက်နေ့ မနက်၆နာရီကနေညနေ ၅နာရီအထိကို ကျုံဒိုးမြို့ ဆေးရုံရှေ့ရှိ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၅ဦးလောက်နဲ့အထိုင်ချထားတဲ့ ဂိတ်ကနေ သွားလာကြတဲ့ဆိုင်ကယ်တွေကိုစစ်ဆေးသလိုဖုန်းေတွကိုပါ ယူစစ်တာတွေရှိနေတယ်လို့ ကျုံဒိုးမြို့ခံတစ်ဦးကပြောပါတယ်။
“တနေ့ကတော့ ကားနဲ့လိုက်အော်တဲ့ အသံတွေကြားလိုက်တယ် ကားသံတွေက ဆူညံနေတော့ vpnပါ မပါကိုမကြားလိုက်မိဘူး နောက်ကျတော့ကျုံဒိုးမြို့အထွက် ဆေးရုံရှေ့မှာ vpnစစ်တယ် စစ်ဆေးရေးကတော့ အဲ့ဒီနေရာမှာရှိတယ်”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ဆေးတာတွေမှာ ဖမ်းဆီးခံရတာမျိုးမရှိသေးပေမဲ့ အရင်ကထက်စစ်ဆေးတာတွေပိုမိုတင်းကြပ်လာတာကြောင့် သွားလာတဲ့အခါ အခက်အခဲတွေကြုံနေရပြီး အရင်အထက်အသွားအလာနည်းပါးသွားတယ်လို့ မျက်မြင်တွေ့ရှိသူအမျိုးသမီးကဆိုပါတယ်။
“နေ့တိုင်းတော့စစ်နေတယ်ကျုံဒိုးမှာအဲ့ဒီလိုကြီးအမိန်းထုတ်လိုက်တော့အဆင်မပြေဘူးကျုံဒိုးမှာဘယ်သူမှာမသွားရဲမလာရဲကြဘူး တော်တော်အရေးကြီးမှသွားလာကြတယ် တခြားလမ်းတွေကလည်း မိုးရွာတော့လမ်းပျက်ေနတာဆိုေတာ့သွားလာမရဘူး”လို့ဆိုပါတယ်။
ဆိုင်ကယ်တစ်စီးကို အမျိုးသား၂ဦးမစီးရဘူးဆိုတဲ့အမိန့်ကို ကော့ကရိတ်မြို့မှာ ပါထုတ်ပြန်ထားတာဖြစ်ပြီး ထုတ်ပြန်ထားတဲ့ အမိန့်ကို မလိုက်နာရင် အရေးယူမယ်ဆိုကာကြေညာထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်တွေအရသိရပါတယ်။
အခုလက်ရှိအချိန်ကျုံဒိုးမြို့အနီးတစ်ဝိုက်မှာတော့ ဂျိုင်းတံတားရှိ ဂိတ်၂ခု နဲ့ ဆေးရုံရှေ့ရှိ ဂိတ်မှာ အစစ်ဆေးတွေပြုလုပ်နေတာဖြစ်ပြီး ချောင်းဖျားကနေ ကျုံဒိုးမြို့အဝင်လမ်းမှာတော့ ငွေကြေးကောက်ခံတဲ့နယ်ခြားစောင့်တပ်BGFဂိတ်တစ်ခုရှိနေတာလည်းဖြစ်ပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-ကျုံဒိုးမြို့
Phar Si Than(People’s Radio Myanmar)