ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က ဆိုင်ကယ်တစ်စီးကို နှစ်ယောက်မစီးရ အမိန့်ထုတ်

ဇွန်လ ၁၃ရက် ၂၀၂၄ခုနှစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က ဆိုင်ကယ်တစ်စီးကို နှစ်ယောက်မစီးကြဖို့အတွက် မြို့ထဲမှာ လိုက်လံကြေညာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ ဇွန်လ ၁၁ ရက်နေ့လောက်ကစပြီး ဆိုင်ကယ်တစ်စီးကို လူတစ်ယောက်ထက်ပိုမစီးရန်နဲ့ နှစ်ယောက်စီးပါက အရေးယူမဲ့အကြောင်း ကြေညာခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

“ နှစ်ယောက်မစီးရဘူးလို့ပြောတယ်၊ ကျား၊ မတွဲစီးလို့ရ ၊မရတော့မသိဘူး၊ တစ်ချို့ကတော့ စီးကြတယ်၊ တစ်ချို့ကလည်း အမိန့်ထုတ်ပြီးထဲက နှစ်ယောက်မစီးကြတော့ဘူး၊ ကြေညာတုန်းကလည်း အပစ်ပေးမယ်ဘဲပြောတာ၊ ဘယ်လိုပေးမလဲတော့မပြောသွားဘူး၊” လို့ သူကပြောပါတယ်။

အခုလို အမိန့်ထုတ်ပြန်တာဟာ စစ်ကောင်စီတပ်ဂိတ်တွေ လာရောက် ပစ်ခတ်ခံရမှာ စိုးရိမ်တဲ့အတွက် ထုတ်ပြန်နိုင်တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိအချိန်မှာလည်း ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေပြီး ခလရ ၉၇ ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို မြို့အဝင်ထွက်နေရာတွေမှာလည်း အစစ်အဆေးတင်းကြပ်တာတွေရှိနေတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ လက်နက်ကြီးကတော့ နေ့တိုင်းပစ်နေတာဘဲ၊ ဒါပေမဲ့လည်း လက်နက်ကြီးသံတို တိုက်ပွဲသံတိုက ဖြစ်နေကြမို အရင်လို အထူးအဆန်းတော့ မဟုတ်တော့ပါဘူး၊ စားဝတ်နေရေးအတွက် ရုန်းနေရတယ်လေ၊ စစ်တာကတော့ ဆိုင်ကယ်ဆိုဘောက်ဖွင့်၊ ဖုန်းစစ်၊ အိတ်တွေဆိုလည်း ဖွင့်ကြည့် ၊ အဲ့လိုမျိုးတွေ စစ်တယ်၊” လို့ သူကပြောပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲတွေကြား ၅လကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်ပိုင်း ဧပြီလ ၂၆ ရက်နေ့မှာ စစ်တပ်က မြို့ထဲကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ခေါ်နေပေမဲ့ မြို့အနီးတစ်ဝိုက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ပြန်မနေရဲတဲ့ သူတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိအချိန် ကရင်ပြည်နယ်ထဲက ကော့ကရိတ်အပါအဝင် ကြာအင်းဆိပ်ကြီး၊ ဖာပွန်နဲ့ သံတောင်မြိုတွေဘက်မှာလည်း စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲတွေကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတယ်လို KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

သတင်း-ကိုဖြိုး
ပုံစာ။ ကော့ကရိတ်မြို့
Phar Si Than (People’s Radio Myanmar)