ကော့ကရိတ်မြို့မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်တာ၊ မီးလောင်ဗုံးကြဲတာတွေကြောင့် ဒေသခံနေအိမ်တွေ နေ့တိုင်းနီးပါးမီးလောင်

မတ်လ ၂၉ရက် ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်တာတွေနဲ့ မီးလောင်ဗုံးကြဲချတိုက်ခိုက်တာတွေကြောင့် ဒေသခံနေအိမ်တွေ နေ့တိုင်းနီးပါး မီးလောင်ပျက်စီးနေပါတယ်။

ဒီကနေ့ မတ်လ ၂၉ရက် နေ့လည် ၁၁ နာရီကျော်လောက်မှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကြာအင်းကုန်းရပ်ကွက်က နေအိမ်တွေ ထပ်မံမီးလောင်မှု ဖြစ်ပွားနေတယ်လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

“အခုလည်း လက်နက်ကြီးကျလို့ ကြာအင်းကုန်းမှာ မီးလောင်နေတယ်၊ လူမရှိတော့ မငြိမ်းသေးဘူး၊ ဘယ်လောက်ပါဦးမလဲ မသိဘူး၊” လို့ သူကဆိုပါတယ်။

ဒါ့အပြင် မတ်လ ၂၈ရက် ညနေ ၄ နာရီလောက်ကလည်း စစ်တပ်လက်အောက်ခံ ခမရ ၉၇ တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကော့ကရိတ်မြို့နယ် အထက်ရွာကနေအိမ် ၁၀လုံးကျော် ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ နောက်ထပ်ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ မီးကတော့ နေ့တိုင်းလောင်နေတာဘဲ၊ တစ်နေရာမဟုတ်တစ်နေရာ၊ အထက်ရွာမှာလည်း အိမ်က မရှိတော့ဘူး၊ မနေ့ကလောင်တာက ကျန်တဲ့အိမ်တွေလောင်တာ၊” လို့ ဆိုပါတယ်။

အလားတူ မတ်လ ၂၇ရက် နေ့လည် ၃နာရီလောက်ကလည်း စစ်တပ်လက်အောက်ခံ စကခ ၁၂ ကနေ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ချောင်းတောင်ရပ်ကွက်ထဲရှိ ဒေသခံနေအိမ်၂၀နီးပါး  မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သူကဆက်ပြောပါတယ်။

“အမတို့အိမ်လည်း မီးထဲပါသွားပြီး၊ အခုဆိုရင် ချောင်းတောင်က ကွင်းပြင်ကြီးလိုဖြစ်သွားပြီး၊” လို့ သူကဆိုပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေတာ ၄ လနီးပါးကြာမြင့်နေပြီး စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၄၀၀ ကျော်မီးလောင်ပျက်စီးနေပြီး ဖြစ်ပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Social Media

Phar Si Than (People’s Radio Myanmar)