မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတဲ့ ကျုံအိတ်တံတားနဲ့ မစောတံတားမှာ  ယာယီသွားလာဖို့အတွက် ဘေလီတံတားထိုးထားပေမဲ့ လမ်းပိတ်တာတွေ ဆက်ရှိနေ

မေလ ၃၁ရက် ၂၀၂၄ခုနှစ်

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့-ရန်ကုန်ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတား နဲ့ မစောတံတား မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း ယာယီသွားလာဖို့အတွက် ဘေလီတံတားထိုးထားပေမဲ့ ကားလမ်းပိတ်ဆိုတာတွေ ဆက်ရှိနေသေးတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

မေလ ၁၁ ရက်နေ့က မော်လမြိုင်-ရန်ကုန်ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတားကို အမည်မသိအဖွဲ့တစ်ခုက မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် တံတားကျိုးကျပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ရပါတယ်။

မေလ ၂၉ ရက်နေ့မှာတော့ ပျက်စီးသွားတဲ့ ကျုံအိတ်တံတားဘေးမှာ ယာယီသွားလာဖို့အတွက် ဘေလီတံတားထိုးထားပေမဲ့ လက်ရှိအချိန်ထိ ကားလမ်းပိတ်ဆိုတာတွေ ဖြစ်ပွားနေသေးတယ်လို့ ကားသမားတစ်ဦးကပြောပါတယ်။

“ တံတားထိုးထားပေမဲ့ ကျဉ်းတော့ စောင့်ရတာတွေရှိတယ်၊ ကားတွေက တစ်လှည့်စီသွားနေရတယ်လေ၊ တစ်ချို့ဆို မနက်အစောကြီးထလာကြတယ်၊ ကားပိတ်မှာကြောက်လို့၊” လို့ သူကပြောပါတယ်။

လက်ရှိအချိန် ကျုံအိတ်တံတားမှာ သွားလာနေကြတဲ့ ကားတွေကို မိနစ် ၃၀ တစ်ကြိမ်နှုန်းနဲ့ ကားတွေကို အလှည့်ကျ ပေးသွားနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

အလားတူ မေလ ၂၃ ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခံလိုက်ရတဲ့ မစောတံတားဘေးမှာလည်း ယာယီသွားလာဖို့အတွက် မြေသားလမ်းကို ပြုလုပ်ပေးထားပြီး မိနစ် ၃၀ ကို တစ်ကြိမ်နှုန်းနဲ့ ပေးသွားနေပေမဲ့ ကားလမ်းပိတ်ဆိုတာတွေ ဆက်ရှိနေသလို မစောင့်နိုင်တဲ့ ကားသမားတစ်ချို့ကလည်း ရွာချင်းဆက်လမ်းတွေကနေ သွားနေကြသေးတယ်လို့ ကျိုက်ကော်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“ တစ်ချိုကလည်း မြေသားလမ်းကနေသွားနေကြတယ်၊ စောင့်နိုင်တဲ့လူတွေကစောင့်ကြတယ်၊ တစ်ချိုကလည်း ရွာချင်းဆက်လမ်းတွေကနေ သွားကြတယ်၊ ရွာချင်းဆက်လမ်းကတော့ ကြာတာပေါ့၊ နာရီဝက်လောက်၊ အဲ့ဒါနဲ့ မစောင့်ဘဲသွားတဲ့လူကသွားကြတယ်၊” လို့ သူကပြောပါတယ်။

အခုလို ကားလမ်းပိတ်ဆိုတာတွေကြောင့် ကားသမားတွေနဲ့ ခရီးသည်တစ်ချို့ဟာ လမ်းခရီးမှာ အစားအသောက်အခက်အခဲရှိနေပြီး အနီးနားရွာတွေကလည်း ထမင်း၊ဟင်းနဲ့ အစားအသောက် လာရောက်ရောင်းချတာတွေလည်း ရှိနေသလို လာလှူတဲ့လူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် အခုလို ကားလမ်းပိတ်ဆိုနေတာကြောင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ရန်ကုန်နဲ့ မန္တလေးမြိုဘက်ကလာတဲ့ ကုန်စည်နဲ့ လောင်စာဆီ ပြတ်တောက်တာတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ပုံစာ။ ကျုံအိတ်တံတားအနီး ကားတွေ ပိတ်မိနေပုံ

Phar Si Than(People’s Radio Myanmar)