
မေလ ၁၄ရက် ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ သထုံမြို့နဲ့ ဘီးလင်းမြို့ကို ဆက်သွယ်ထားတဲ့ မော်လမြိုင်-ရန်ကုန်ကားလမ်းမကြီးရှိ ကျုံအိတ်တံတားမိုင်းခွဲခံရပြီးနောက် ရှောင်သွားရတဲ့ ကျုံအိတ်ကွင်းလမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေတာကြောင့် ကားအစီးရာနဲ့ချီပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေလ ၁၃ ရက်နေ့ ည(၁၂ )နာရီလောက်ကစပြီး ကျုံအိတ်ရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲတွေကြား တိုက်ပွဲဖြစ်ပွားနေပြီး ကဇိုင်းကျေးရွာအခြေစိုက် စစ်တပ်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ခရီးသွားကားနဲ့ ကုန်တင်ကား (၂၀၀ )နီးပါး ပိတ်မိနေတယ်လို့ ကျုံအိတ်ရွာဒေသခံတစ်ဦးက ပြောပါတယ်။
“ တိုက်ပွဲက ညကတည်းကဖြစ်နေတာ၊ ကားလမ်းထဲမှာ ပိတ်မိနေတာလည်းရှိတယ်၊ ကားကြီးတွေပါတော့ အချင်းချင်းပိတ်မိပြီးသွားလို့မရတော့ဘူး၊ အဲ့ဒီလမ်းက မောင်းရချိန် ၁ နာရီကျော်တယ်၊ လမ်းတစ်လျှောက်မှာ တိုက်ပွဲဖြစ်နေတာ၊” လို့သူကပြောပါတယ်။
သထုံမြို့နဲ့ ဘီးလင်းမြို့ကိုဆက်သွယ်ထားတဲ့ မော်လမြိုင်-ရန်ကုန်ကားလမ်းမကြီးရှိ ကျုံအိတ်တံတားဟာ မေလ ၁၁ ရက်နေ့ မနက် (၅ )နာရီလောက်မှာ မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် တံတားတစ်စင်းလုံးပျက်စီးခဲ့ပြီး အခုလိုတိုက်ခိုက်ခံရတာဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
အခုလိုတိုက်ပွဲမဖြစ်ပွားခင် မေလ ၁၂ရက်နေ့နဲ့ ၁၃ ရက်နေ့ကလည်း စစ်တပ်က လက်နက်ကြီးပစ်ခတ်တာကြောင့်အဝန်းကြီးကျေးရွာကဒေသခံနှစ်ဦးသေဆုံးခဲ့သလို ကျုံအိတ်၊ ရွှေရောင်ပြနဲ့ အဝန်းကြီးကျေးရွာက ဒေသခံ (၁၀)ဦးနီးပါးထိခိုက်ဒဏ်ရာရှိခဲ့တဲ့အပြင် လမ်းမှာသွားနေတဲ့ ကားသမားတစ်ဦးလည်း ပေါင်မှာ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးက မေလ ၁၂ရက်နေ့ မနက် ၁၀ နာရီလောက်မှာထိတာကားသမားက၊ ပေါင်နှစ်ဖက်လုံးကိုထိတာ၊ အခုရန်ကုန်ကဆေးရုံမှာရောက်နေတယ်၊ ရွာသားတွေထိတာကတော့ တစ်ယောက်မကဘူး၊ သေတာက (၂)ယောက်၊ ကျန်တာတွေကတော့ လက်နက်ကြီးစထိတာတွေ၊” လို့သူကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လ ၂၈ရက်နေ့ ည(၉) နာရီလောက်ကလည်း ကျုံအိတ်တံတားမိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဝန်ထမ်းတစ်ဦးသေဆုံးပြီး ရဲတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို (၂၉)ရက်နေ့မနက်ပိုင်းမှာလည်း တံတားပျက်စီးတဲ့ အခြေအနေကို လာရောက်ကြည့်ရှုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၂ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than(People’s Radio Myanmar)