စစ်တပ်က လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဓမ္မသကျေးရွာနဲ့ အနီးနားကျေးရွာက ဒေသခံတွေ နေရပ်မပြန်ရဲသေး

မေလ ၁၀ရက် ၂၀၂၄ခုနှစ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာနဲ့ အနီးနားကျေးရွာတွေဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် စစ်တပ်က ဖိအားပေးပြန်ခေါ်နေပေမဲ့ စစ်ဘေးရှောင်​တွေ နေရပ်မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဓမ္မသကျေးရွာမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား မတ်လ ၂၇ရက်နေ့ကနေ ဧပြီလ ၂၂ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ဓမ္မသ၊ ကော့ဘိန်း၊ ကော့ပေါက်၊ တရနာ စတဲ့ကျေးရွာတွေက ဒေသခံ ၆၀၀၀ ကျော်ဟာ စစ်ဘေးလွတ်ရာ ချောင်းဆုံ၊ ဇာသပြင်နဲ့ မော်လမြိုင်မြို့ပေါ်တွေကို စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။

ဧပြီလ ၂၆ရက်နေ့လောက်ကစပြီး အဲ့ဒီကျေးရွာတွေဘက်မှာ တိုက်ပွဲတွေမရှိတော့လို့ စစ်တပ်က ဒေသခံပြည်သူတွေကို ကျေးရွာထဲပြန်လည်နေထိုင်ဖို့ ခေါ်နေပေမဲ့ ဓမ္မသ၊ ကော့ဘိန်းနဲ့ ကော့ပေါက်ကျေးရွာထဲမှာ စစ်တပ်က တပ်စွဲနေထိုင်နေကြတာကြောင့် မပြန်ရဲသေးဘူးလို့ ဓမ္မသရွာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ ပြန်တဲ့လူတွေကနည်းနည်းဘဲရှိတယ်၊ အခုရွာထဲကို ပြန်ဝင်ရင်စာရင်းပေးရတယ်၊ ရွာထိပ်မှာ စစ်တပ်က စာရင်းကောက်တယ်၊ ပြန်ဝင်တဲ့လူတော့နည်းနည်းဘဲရှိတာပေါ့၊ အကိုတို့ကတော့ စစ်တပ်ရွာထဲမှာရှိနေသေးလို့ မပြန်ရဲသေးဘူး၊” လို့သူကပြောပါတယ်။

ဒါ့အပြင် ကော့ဘိန်း၊ကော့ပေါက်ကျေးရွာထဲမှာ တပ်စွဲနေထိုင်နေတဲ့ စစ်တပ်ကနေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါးပစ်ခတ်နေတာကြောင့် နေရပ်မပြန်ရဲသေးဘူးလို့ ကော့ဘိန်းကျေးရွာက ဒေသခံတစ်ဦးက ဆိုပါတယ်။

“ စစ်တပ်ကခေါ်နေတာဘဲ၊ ဒါပေမဲ့ လက်နက်ကြီးနဲ့ ပစ်နေတာတွေရှိတော့ မပြန်ရဲဘူး၊ တိုက်ပွဲတုန်းကလည်း အဲ့လိုပစ်တော့ အိမ်မီးလောင်တာတွေရှိတယ်လေ၊ ပြန်တော့ ဘယ်မှာနေကြမလဲ၊ အဲ့ဒါကြောင့် မပြန်သေးဘူး၊” လို့သူကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကာလအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဓမ္မသ၊ ကော့ဘိန်း၊ကော့ပေါက်နဲ့ တရနာကျေးရွာတွေက ဒေသခံနေအိမ် ၆၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ရက်နေ့ကလည်း ကျိုက်မရောမြို့နယ်၊ ကော့ပနောနဲ့ ကော့ဒွန်းကျေးရွာဘက်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ စစ်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၅၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than(People’s Radio Myanmar)