
မေလ ၉ရက်၊၂၀၂၄
ထိုင်း−မြန်မာနယ်စပ်၊မြဝတီမြို့ရှိ အမှတ် (၁)ချစ်ကြည်ရေးတံတားမှာ စမတ်ကဒ်မရသေးတဲ့သူတွေအရင်လို တိုကင်နံပါတ်ပြားနဲ့ သွားလာမရတော့ဘူးလို့ ဒေသခံတွေနဲ့ ကိုယ် တိုင်ကြုံတွေ့သူတွေကပြောပါတယ်။
ဒီနေ့ မေလ ၉ရက်နေ့ကနေစပြီး အမှတ် (၁)ချစ်ကြည်ရေးတံဝာားမှာ အရင်လို တိုကင်နံပါတ်ပြားနဲ့မဲဆောက်မြို့ဘက်ကို ကမ်းပေးမကူးတော့တာကြောင့် မဲဆောက်မြို့ဘက်မှာ အလုပ်လုပ်ကိုင်ကြသူတွေမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရသလို တစ်ချို့မှာလည်း တရားမဝင်လမ်းကနေပဲ ပြန်လာကြတယ်လို့ မဲဆောက်မြို့နေအမျိုးသမီးတစ်ဦးကပြောပါတယ်။
“ပထမတစ်ခေါက် စမတ်ကဒ်လုပ်ဖို့တိုကင်ကဒ်နဲ့ကူးလာပြီးသားကို စမတ်ကဒ်မရသေးခင် ၇ရက်ပြည့်လို့ ပြန်ထွက်ပြီး ရက်ချိန်းစာရွက်ကဒ်နဲ့ပြန်ဝင်တာကို ပေးမဝင်တော့ဘူးပြော အခုအောက်လမ်းကနေပဲပြန်လာရတယ်”လို့သူကပြောပါတယ်။
ဒါ့အပြင်မေလ ၈နေ့မှာတော့မြဝတီမြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးမှာ စမတ်ကဒ်ပြုလုပ်တာကို ယာယီရပ်နားထားလိုက်ပြီဖြစ်သလို အခုလိုရပ်နားထားတာဟာ ရုံးကို နေရာပြောင်းရွှေ့မှာဖြစ်တယ်လို့ စစ်တပ်လက်အောက်ခံ( လ.ဝ.က) ဝန်ထမ်းတွေနဲ့နီးစပ်သူတစ်ဦးကဆိုပါတယ်။
“မနေ့ကဖုန်းဆက်မေးတာတော့ ရုံးနေရာရွှေ့လို့ ခဏပိတ်တာ လူအရမ်းများလို့ အခုရက်ချိန်းတောင် ၆လပိုင်းကုန်ဖြစ်နေပြီ တံတားကဒ်နဲ့သွးမဲ့လူဆိုကိုယ်တိုင်မသွားပဲ အသိတွေကိုလုပ်ခိုင်းတာပိုအဆင်ပြေတယ် တိုကင်ရတာတောင်အခုကတံတားပြန်ကူးမရတော့ဘူး”လို့သူကဆိုပါတယ်။
အခုလို လူဝင်မှုကြီးကြပ်ရေးရုံးကိုယာယီပိတ်ထားပေမဲ့ ပွဲစားတစ်ချို့မှာတော့ မြန်မာကျပ်ငွေ(၆၀၀၀၀) ကျပ်နဲ့ စမတ်ကဒ်ပြုလုပ်ဖို့အတွက် နာမည်စာရင်းတင်ပေးတာမျိုးတွေလည်းရှိနေပါတယ်။
မြဝတီမြို့ရဲ့ လူဝင်မှုကြီးကြပ်ရေးရုံးမှာမေလ ၂ရက်နေ့ စမတ်ကဒ်ကိုလုပ်ဆောင်ပေးနေတာဖြစ်သလိုမြဝတီမြို့အပါအဝင် မဲဆောက်မြို့မှာအလုပ်လုပ်ကိုင်တဲ့သူတွေပါ စမတ်ကဒ်လာရောက်ပြုလုပ်နေကြတာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-ပုံဟောင်း
Phar Si Than (People’s Radio Myanmar)