ရေးမြို့နယ်ထိန်းရဲမှူးအောင်သူကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်း

မေလ ၇ရက် ၂၀၂၄ ခုနှစ်

 

မွန်ပြည်နယ်၊ ရေးမြို့နယ်ထိန်းရဲမှူး အောင်သူကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ဆီက သိရပါတယ်။

မေလ ၅ရက်နေ့ ညနေ ၃ နာရီလောက်မှာ ရေးမြို့နယ်ထိန်းရဲမှူး အောင်သူကို ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်မှာ ဘီယာထိုင်သောက်နေစဉ် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး လက်ဝတ်လက်စားနဲ့ ဖုန်းတစ်လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသူ ရေးမြို့နယ်ထိန်းရဲမှူးအောင်သူဟာ ပြည်သူတွေကို မတရားဖိနှိပ်မှုတွေနဲ့ လောင်းကစားဝိုင်းတွေမှာ လာဘ်စားတာမျိုးတွေကို ပြုလုပ်တာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆက်ပြောပါတယ်။

“ ပြည်သူ့တိုင်ကြားချက်နဲ့ ကျွန်တော်တို့ ဒီMission ကိုဝင်လုပ်တာဖြစ်တယ်၊ ပြီးတော့လည်း ဘောလုံးပွဲလိုင်းကြေးကောက်တာမျိုးတို့ပေါ့နော် အဲ့လိုမျိုး လိုင်းကြေးကောက်ပြီးတော့ လောင်းကစားဝိုင်းတွေကို ပေးတာမျိုးတွေ၊ ညအချိန် မာရှယ်လောသက်မှတ်ထားတဲ့အချိန် ဈေးရောင်းဈေးဝယ်သွားလာတဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးရိုက်နှက်တာမျိုးတွေရှိတယ်ပေါ့နော်၊” လို့သူကပြောပါတယ်။

အခုလို ပစ်ခတ်ရှင်းလင်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက ရေးမြို့ဝင်မြို့ထွက်နေရာတွေမှာ စစ်ဆေးတာတွေနဲ့ မြို့ထဲမှာ ရှောင်တခင်ဝင်ရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့သေးတယ်လို့ ရေးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ ရှိတယ်ဗျ၊ ပစ်ခတ်ရှင်းလင်းပြီးနောက်ပိုင်း မြို့ထဲမှာ စစ်ဆေးတာတွေကင်းပတ်တာတွေလုပ်တယ်ဗျ၊ တစ်ချို့နေရာတွေဆိုရင် လမ်းပိတ်ဆို့ပြီး စစ်ဆေးတာမျိုးတွေတောင်ရှိတယ်၊” လို့ သူကပြောပါတယ်။

ရေးမြို့နယ်ရှိ ပြည်သူတွေကို ဖိနှိပ်နေတဲ့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်တပ်ဂိတ်တွေကို ရေးဘီလူးအဖွဲ့က မကြာခဏဝင်ရောက်ပစ်ခတ်လေ့ရှိပြီး အခုလို ဝင်ရောက်ပစ်ခတ်တာတွေကြောင့် စစ်တပ်လက်အောက်ခံ ဝန်ထမ်းတွေ မကြာခဏ သေဆုံးလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ရက်နေ့ကလည်း ရေးမြို့နယ်၊ ခံသင်းတံတားရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ဦးသေဆုံးခဲ့သလို ရေးဘီလူးအဖွဲ့ကလည်း ၂ဦးသေဆုံးပြီး ၂ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-ရေးဘီလူး

Phar Si Than (People’s Radio Myanmar)