ပဲဒက်ကျေးရွာမှာ စစ်ရေးအခြေအနေတင်းမာနေလို့ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ၃ရက်ဆက်ဗုံးကြဲတိုက်ခိုက်

မေလ ၇ရက်နေ့၊ ၂၀၂၄ခုနှစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ ၃ရက်ရှိပြီး ဖြစ်တယ်လို့ ပဲဒက်ရွာဒေသခံတွေနဲ့ တော်လှန်ရးတပ်တွေဆီကနေ သိရပါတယ်။

မေလ ၅ရက်နေ့၊ မနက် ၇နာရီလောက်ကနေ ညနေပိုင်းလောက်အထိ ပဲဒက်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသတော်လှန်ရေးတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ချိန်အတွင်း စစ်ကောင်စီတပ်ဘက်က Mi-2 ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာတွေကို အသုံးပြုပြီး မနက် ၉နာရီလောက်မှာ တစ်ကြိမ်၊ နေ့လည် ၁၁နာရီလောက်မှာ တစ်ကြိမ်၊ နေ့လည် ၂နာရီလောက်မှာ တစ်ကြိမ် စုစုပေါင်း ၃ကြိမ် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ပဲဒက်ရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ ပစ်သံတွေကြားတော့ ကျနော်တို့လည်း အကုန်ထားပြီး ထွက်ပြေးလာတာ။ တနေ့တည်းကိုဘဲ့ လေယာဉ်၂စီးနဲ့ ၃ခါလာတယ်။ ထိခိုက်မှုတွေက ရှိတယ်လို့တော့ ပြောကြတာဘဲ” လို့သူက အခုလိုပြောပါတယ်။

အဲ့ဒီနောက် မေလ ၆ရက်နေ့၊ မနက် ၁၀နာရီလောက်ကနေ ညအချိန် အထိ စစ်ကောင်စီတပ်တွေဘက်က လေကြောင်းကနေ ထပ်မံလာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

“ ဗုံးကြဲနေတာ ဒီနေ့မနက်နဲ့ဆို ၃ရက်လောက်ရှိပြီ။ ညကလည်း တစ်ညလုံးဘဲ ဗုံးကြဲတာ” လို့သူက ပြောပြပါတယ်။

စစ်ကောင်စီတပ်သားတွေက လေကြောင်းကနေ တိုက်ခိုက်ရုံသာမက ပင်လယ်ပြင်မှာ ကျောက်ချထားတဲ့ စစ်သင်္ဘောပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေပြီး မြေပြင်မှာရှိတဲ့ စစ်ကောင်စီတပ် စခန်းတွေကနေလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးနေတယ်လို့ ဒေသတော်လှန်ရေးတပ် ရဲဘော်တစ်ဦးက ပြောပါတယ်။

“ စစ်တပ်ဘက်က သင်္ဘောနဲ့လည်း လာပစ်ကူတယ်။ ပဲမှာက ခွေးအင်အားများတယ်။ ရဟတ်ယာဉ်ပေါ်ကနေလည်း စက်လက်နဲ့ ပစ်ချတယ်။ ကြည်း၊ရေ၊လေ သုံးခုစလုံးက  ပစ်ကူနေတာ” လို့သူက ပြောပြပါတယ်။

တိုက်ပွဲကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိနေပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်မှုတွေ ရှိနေတယ်လို့ ကနဦးသိရပေမယ့် မြေပြင်အနေအထားအရ အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

အခုလက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပဲဒက်၊ ပိတောက်ကြီး၊ တံခွန်တိုင်၊ ကျောက်ဆည် စတဲ့ရွာတွေက ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပဲဒက်ရွာက ဒေသခံအမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

“ ကျမတို့က ထားဝယ်ဘက်ကိုလည်း ပြေးလို့မရဘူး။ ပုလောဘက်ကိုလည်း သွားမရဘူး။ လမ်းတွေက ပိတ်ထားတယ်။ ကျမတို့က အလယ်မှာ ပိတ်မိနေတာ” လို့ သူက ပြောပါတယ်။

အခုလက်ရှိမှာလည်း ပဲဒက်ရွာမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး ခရီးသည်တင်ကားတွေလည်း လမ်းမှာ  ပိတ်မိနေတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတာကြောင့် မြိတ်-ထားဝယ် ကားလမ်းကို မေလ ၅ရက်နေ့၊ မနက်ပိုင်းကနေ စပြီး တိုက်ပွဲ မပြီးမချင်း သွားလာတာမပြုလုပ်ပါရန် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က မေတ္တာရပ်ခံ ထုတ်ပြန်ထားပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- ပဲဒက်ရွာ

Phar Si Than (People’s Radio Myanmar)