
***************
ဧပြီလ ၂၃ရက် ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ငါးတိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီလ ၂၂ ရက် ည၇ နာရီ ၂၇ မိနစ်လောက်ကစပြီး ငါးတိုင်ကျေးရွာနဲ့ အနီးအနားပတ်ဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး ဒေသခံတွေက ကျေးရွာထဲကို ဝင်မရသေးတာကြောင့် ထိခိုက်ပျက်စီးမှု အတိအကျကို မသိရသေးဘူးလို့လဲဆိုပါတယ်။
“ရွာထဲကော ရွာပြင်ကိုကောပစ်တာ၊ မိနစ် ၂၀ နီးပါးလောက်ရှိမယ်၊ ပစ်ပြီးတာနဲ့ မပြန်သေးဘူး၊ ပတ်နေတာ ၈နာရီလောက်မှပြန်သွားတာ၊” လို့ ငါးတိုင်ကျေးရွာမှဒေသခံအမျိုးသားကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၇ရက်နေ့ကလည်း ငါးတိုင်ကျေးရွာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ငါးတိုင်ရွာစာသင်ကျောင်းနားက ဒေသခံနေအိမ် ၄လုံးနီးပါးထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့ နဲ့ ကျုံဒိုးမြိုနယ်တွေဘက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူအနည်းငယ်သာ မြို့ထဲမှာ နေထိုင်နေကြတယ်လို နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ တိုက်ပွဲကနေ့တိုင်းဖြစ်တယ်၊ ပြင်းထန်တယ်၊ အခု မြိုထဲတွေမှာ လူနေသိပ်မရှိတော့ဘူး၊ အိမ်စောင့်ဆိုင်စောင့်လောက်သာကျန်တော့တယ်၊ ကျန်တာတော့ လွတ်တဲ့နေရာကိုပြေးကုန်ကြပြီး၊” လို သူကဆက်ပြောပါတယ်။
ကရင်ပြည်နယ်ထဲက မြဝတီ၊ကော့ကရိတ်၊ကျုံဒိုးနဲ့ သံတောင်ကြီးမြို့ဘက်တွေမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲတွေကြား တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပေါ်နေပြီး စစ်တပ်က လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် ဒေသခံနေအိမ်တွေ၊သာသနိကအဆောက်အအုံတွေပျက်စီးတာနဲ့ လူထိခိုက်သေဆုံးတာတွေ မြင့်တက်လာတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-ပုံဟောင်း
Phar Si Than(People’s Radio Myanmar)