
ဧပြီလ ၁၉ရက် ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်း၊ မြို့ဟောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီလ ၁၈ရက် နေ့လည် ၁၁ နာရီလောက်မှာ စစ်တပ်က Y-12 လေယာဉ်နဲ့ မြို့ဟောင်းရွာဘက်ကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မြို့ဟောင်းရွာဘုန်းကြီးကျောင်းက ဦးစီးပဓာန နာယက ဘဒ္ဒန္တဏ္ဍိတမဟာေထရ် ဆရာတော် သက်တော် (၈၇) နှစ်၊ ဝါတော် (၆၇)ဝါဟာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့အပြားမှာ လက်နက်ကြီးစထိမှပြီး ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။
“ အချိန်ကတော့ ဆွမ်းဘုန်းခါနီးအချိန်မှာ၊ ရွာထဲကို ၃ လုံးကျတာ၊ တစ်လုံးက ကျောင်းပေါ်တည့်တည့်ကျပြီး ဘုန်းကြီးကိုထိတာ၊တစ်ခါထဲပျံလွန်တော်မူသွားတာပါ၊” လို့ သူကပြောပါတယ်။
အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မြို့ဟောင်းကျေးရွာမှာ နေထိုင်တဲ့ ဒေသခံ ၄ ဦးလည်း လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ နောက်ထပ်အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
“ ဒဏ်ရာကတော့မစိုးရိမ်ရပါဘူး၊ အခုတော့ ရွာထဲမှာဘဲဆေးကုနေကြတယ်၊” လို့ နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဒီကနေ့မနက်ပိုင်းမှာလည်း ကော့ကရိတ်နဲ့ ကျုံဒိုးမြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than(People’s Radio Myanmar)