
စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင်စစ်စခန်းနဲ့ လက်နက်ခဲယမ်း၊ရိ က္ခါ၊ စစ်ကူလာပို့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတို့ကို ဒရုန်းဗုံးကြီး အလုံး ၂၀၀ ကျောကြဲချတိုက်ခိုက်ခဲ့တယ်လို့ Cloud Wings ဒရုန်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
သြဂုတ်လ ၂၄ ရက်နေ့မှာ အင်အား ၃၀ လောက်နဲ့တပ်စွဲထားတဲ့ ကွီလုံတိုင်စခန်းက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သလို စက်တင်ဘာလ ၆ ရက်နေ့မှာလည်း ကွီလုံတိုင်စခန်း မဆုံးရှုံးဖို့ကို လက်နက်ခဲယမ်း၊ ရိက္ခါတွေကို ထိုင်းဘက်ကနေ စစ်ကူပို့လာတဲ့အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကိုပါစက်တင်ဘာလ ၁၄ ရက်နေ့အထိ ရက် ၂၀ တိုက်ခိုက်ခဲ့ပြီး ဗုံးသီးအလုံး ၂၀၀ ကျော်နဲ့ ကျဲချ တိုက်ခိုက်ခဲ့တယ် Cloud Wings ဒရုန်းအဖွဲ့မှစာဝန်ခံ ကိုငြိမ်းကပြောပါတယ်။
“အဓိကမြေပြင်မှာပစ်ခတ်တာကတော့ ရံဖန်ရံခါပေါ့နော် ဒီစစ်ဆင်ရေးတစ်ခုလုံးမှာ အဓိက ဆောင်ရွက်တာကတော့ ဒရုန်း mission ပေါ့နော် အဲ့တာကြောင့်မို့လို့လည်း ဗုံးသီးက အလုံး ၂၀၀ ကျော်လောက်ကုန်သွားတာပေါ့ သူတို့ရှိတဲ့နေရာတွေကို တောက်လျှောက်ပေါ့နော် သူတို့ချောင်းကူးတဲ့ နေရာတွေ သူတို့ရှိတဲ့နေရာတွေစခန်းဆိုလည်း ဒရုန်းနဲ့အဓိကထားကြဲတယ်ပေါ့နော် ဒရုန်း mission ကဒီပွဲမှာအဓိကပါပဲ” လို့သူကပြောပါတယ်။
စစ်ကောင်စီကွီလုံတိုင်စခန်းတိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးထပ်မနည်း ထိခိုက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိသလို အခုလက်ရှိအချိန်ထိတော့ ကွီလုံတိုင်စခန်းကို မသိမ်းပိုက်နိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။
“ဒီကွီလုံတိုင်စခန်းက အရင်က ၃၀ လောက်ရှိတယ် အခု ၂၀ လောက်ပဲကျန်တယ် အဲ့စခန်းက လူတွေကတော့ အဲ့မှာပဲ ထွက်လို့လည်းမရဘူး ဝင်လို့လည်းမရဘူး အဲ့တိုင်းပဲပိတ်မိနေတာပေါ့နော် ကွီလုံတိုင်ကတော့ ဒုံရင်းကဒုံရင်းပဲ သူတို့ဒဏ်ရာရစစ်သည်တွေနဲ့ လက်ကျန်၂၀ ဝန်းကျင်ကျန်တယ် အဲ့ဒီကွီလုံတိုင်မှာ စခန်းတော့မသိမ်းနိုင်သေးဘူးပေါ့နော် ကွီလုံတိုင်ကတော့ ပိတ်ဆို့ပြီး ချေမှုန်းနေတာ သြဂုတ်လ ၂၃ ၊ ၂၄ ထဲက ကွီလုံတိုင်ကတော့ မကျသေးဘူး” လို့ သူကပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၁၄ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်တစ်နေရာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ရေတလျောက်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက စခန်းတစ်ခုလုံးသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးကထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ်ဒေသတွင်းမှာ ဇူလိုင်လ၊ သြဂုတ်လနဲ့ အခုစက်တင်ဘာလအထိကို ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်တွေမှအပ ကျန်မြို့နယ် ၅ ခုမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ၊ ဌာနဆိုင်ရာရုံးတွေ၊ စစ်ကောင်စီစစ်ကြောင်းယာဥ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်တာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တာတွေ ဆက်ရှိနေတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Cloud Wings
Phar Si Than (People’s Radio Myanmar)