စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကို PNO ပြည်သူ့စစ်က သတ်ဖြတ်

ဧပြီလ ၁၁ ရက်။ ၂၀၂၄ ခုနှစ်

 

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ် နောင်သိမ်ရွာက စစ်ရှောင်အမျိုးသမီးတစ်ဦးကို ပအိုးဝ်ပြည်သူ့စစ် (PNO) က  သတ်ဖြတ်ခဲ့တယ်လို့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ဆီဆိုင်မြို့ပေါ်ကနေ   ဧပြီလ ၈ ရက် မနက်ပိုင်းလောက်မှာ နောင်သိမ်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူတွေဟာ တခြားအနီးအနားကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အဲ့ဒီနောက်​ ဧပြီလ ၁၀ ရက်နေ့ မနက် ၆ နာရီလောက်မှာတော့ မဒေါမူနဲ့ သူ့ရဲ့ အမျိုးသား ဦးယောင်တို့ ကျေးရွာထဲကို ပြန်လည်ဝင်ရောက်လာချိန်  ​PNO (ပြည်သူ့စစ်) ကင်းပတ်ချိန်နဲ့ တိုးပြီး အသက် (၃၇) နှစ်အရွယ် မဒေါမူ သတ်ဖြတ်ခံခဲ့ရတယ်လို့ PNLA သတင်းတာဝန်ခံ ခွန်ရိန်းယံက ပြောပါတယ်။

“ ပြီးခဲ့တဲ့ရက်က စစ်ကောင်စီတပ်က တင့်ကားတွေ လက်နက်ကြီးတွေနဲ့  ပစ်ခတ်တော့ ရှောင်ကြတာပေါ့ (၁၀) ရက်နေ့ကျ ရွာထဲကို ပြန်လာကြတာ PNO ပြည်သူ့စစ်နဲ့ တိုးပြီး သတ်ဖြတ်ခံခဲ့ရတာ သူ့အမျိုးသားကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်” လို့ သူကပြောပါတယ်။

PNO တပ်ဖွဲ့​တွေ သတ်ဖြတ်ခဲ့တဲ့ မဒေါမူရဲ့သေဆုံးအလောင်းကို အဲ့ဒီနေ့ မနက်(၉) နာရီလောက်မှာပဲ ပအိုးဝ်ဒေသရှိတော်လှန်ရေး ပူးပေါင်းတပ်တွေက  သွားရောက်ယူဆောင်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေဟာ အပစ်မဲ့ပြည်သူတွေကို အခုလို သတ်ဖြတ်နေတာ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့လည်း သတိထား သွားလာ​ကြဖို့ ခွန်ရိန်းယံက ပအိုးဝ်ဒေသခံတွေကို မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ ဆီဆိုင်မြို့နယ်ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ တွေပူးကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့လို့ ဆယ်တန်းကျောင်းသူ မနန်းစိန်မြ သေဆုံးခဲ့ပြီး ကျောင်းသူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

သတင်း- Naw Drizzle

ပုံ- ပေးပို့