
ဧပြီလ ၈ရက်၊ ၂၀၂၄ ခုနှစ်
မကွေးတိုင်း၊ ပခုက္ကူ နဲ့ မြိုင်မြို့နယ်ရှိ သာကြီးတောင်ရေနံမြေရဲကင်းစခန်းက ရဲတပ်သားတစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်မြို့နယ် ဆီ အလင်းဝင်ရောက်လာခဲ့ပါတယ်။
အလင်းဝင်ရောက်လာတဲ့ ရဲတပ်သား တိုးပြည့်ချမ်းသာ ဟာ စခန်းကနေ( G-3 )သေနတ် (၁) လက်၊ စက်သေနတ် (၁)လက် ၊ ကျည် (၆၀၈) တောင့် ကျည်ဘောက် (၁) ခု ၊ ဘောက်ဝိုင်း (၁) ခုယူဆောင်လာပြီး ဧပြီ ၄ ရက် နေ့လယ် ၂ နာရီလောက်မှာ အလင်းဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။
“ သူက ဘယ်လိုချိတ်ဆက်တုန်းဆို ကျွန်တော်တို့ရဲ့ ရဲဘော်နှစ်ယောက်နဲ့ ချိတ်ဆက်ပြီးကာမှ ဝင်လာတာဗျ သူကတစ်ယောက်ထဲနဲ့ သေနတ် နှစ်လက်နဲ့ လက်နက်ခဲယမ်းတွေနဲ့ဝင်လာတာပေါ့ ”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်မြို့နယ်တာဝန်ခံ ဗိုလ်လက်ယာ ကပြောပါတယ်။
လက်နက်တွေ နဲ့ အလင်းဝင်လာတဲ့ ရဲတပ်သား တိုးပြည့်ချမ်းသာကို မြိုင်မြို့နယ် ပကဖ က ငွေကျပ် သိန်း( ၁၅၀ )ကျပ် ချီးမြှင့်ခဲ့ပါတယ်။
ကိုတိုးပြည့်ချမ်းသာကို မြိုင် ပကဖ အဖွဲ့က လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးဖို့ေဆာင်ရွက်ခဲ့ ပေမဲ့လည်း ၊သူဟာ သွားရောက်လိုခြင်းမရှိဘဲ စစ်ကောင်စီတပ်ကို ပြန်တော်လှန်ဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နဲ့သာ ပူးပေါင်းသွားမယ်လို့လဲ ဆိုပါတယ်။
မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသူ စုစုပေါင်း (၅၈) ယောက်ခန့်ရှိပြီး (၃၀) ကျော်က လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင်အလင်းဝင်လာတဲ့သူတွေထဲမှ လွတ်မြောက်နယ်မြေသွားချင်သူများကိုလည်း မြိုင်မြို့နယ် ပကဖ က အကုန်ကျခံကာပို့ပေးတယ်လို့လဲ ဆိုပါတယ်။
သတင်း- Naw Drizzle
ပုံ- မြိုင်မြို့နယ် ပကဖ