
ဧပြီလ ၅ရက် ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။
ဧပြီလ ၅ရက်နေ့ မနက်အစောပိုင်းလောက်ကစပြီး သင်္ဃန်းညီနောင်ကျေးရွာအနီး ခမရ ၃၅၇ တပ်ရင်းတစ်ဝိုက်နဲ့ ဗျူဟာကုန်းအနီးတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ အတွဲလိုက်ဗုံးသီးတွေနဲ့ ပစ်ချတိုက်ခိုက်နေတာေတွ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ လေယာဉ်က တစ်ခါပစ်ချရင် ၄ လုံးလောက်ကအနည်းဆုံးကျတာ၊ သေနတ်သံတွေကတော့ ဆက်တိုက်ပစ်နေကြတာဘဲ၊ ဗုံးတွေက ညီနောင်၊ဝှေ့ရှမ်းတစ်ဝိုက်ကို ဆက်တိုက်ကျနေတာ၊” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဧပြီလ ၄ ရက်နေ့ မနက်အစောပိုင်းလောက်ကလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဝှေ့ရှမ်းကျေးရွာနဲ့ ဇရပ်ဖြူကုန်းရွာက နေအိမ် (၁၀) လုံးကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဝှေ့ရှမ်းကျေးရွာဒေသခံတစ်ဦးကဆိုပါတယ်။
“ ၃ရက်နေ့၊ ၄ရက်နေ့ ဆက်တိုက်ကို လေကြောင်းကနေ ဗုံးကြဲနေတာ၊ မနေ့ကလည်း ဝှေ့ရှမ်းတို့ ဇရပ်ဖြူကုန်းတို့ဘက်ကို ဗုံးကြဲလို့ မနက်ပိုင်းကစပြီး အိမ်တွေမီးလောင်တာ၊ ညနေလောက်မှ မီးငြိမ်းသွားတယ်၊ အခုလည်း တိုက်ပွဲတွေ ဖြစ်နေကြတုန်းပဲ” လို့ပြောပါတယ်။
သင်္ဃန်းညီနောင်ကျေးရွာမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား မတ်လ ၇ရက်နေ့ကနေ ဧပြီလ ၄ရက်နေ့အထိ တစ်လနီးပါးကြာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သင်္ဃန်းညီနောင်၊ဝှေ့ရှမ်းနဲ့ ရွာသစ်ကျေးရွာတွေက ဒေသခံနေအိမ် (၁၀၀) ကျော်မီးလောင်ပျက်စီးနေပြီး ဒေသခံ (၃၇၀၀) ကျော်ဟာ မြဝတီမြို့ရှိ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရတယ်လို့ လူမှုကူညီရေးလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ- Social Media
Phar Si Than(People’s Radio Myanmar)