တပ်မတော်နေ့အတွက် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ ၂ဦးသေဆုံးသွား

မတ်လ ၂၈ရက်နေ့၊ ၂၀၂၄ခုနှစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာ လမ်းမကြီးကို တပ်မတော်နေ့ အခမ်းအနားအတွက် လမ်းကင်းယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ဝင်‌ေရာက်တိုက်ခိုက်ခံရတယ်လို့ ဗထူးတပ်မတော်ဆီကနေ သိရပါတယ်။

တပ်မတော်နေ့လို့ စစ်ကောင်စီက သတ်မှတ်ထားတဲ့ မတ်လ ၂၇ရက်နေ့၊ ညနေ ၅နာရီခွဲလောက်မှာ အင်အား ၅၀လောက်နဲ့ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို အလစ်ဝင်‌ေရာက်ပစ်ခတ်တဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်လောက်ကြာမြင့်ခဲ့တယ်လို့ ဗထူးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြတ်က ဆိုပါတယ်။

“ လမ်းကင်းယူထားတာက လမ်းမကြီးကို ပိတ်ချပြီးကို ယူထားတာ။ ကျနော်တို့ ပစ်တဲ့အချိန်မှာတော့ ထိတွေ့မှု အနည်းငယ်ဖြစ်ပွားတယ်” လို့ သူကအခုလိုပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားနေတဲ့အချိန်မှာတော့ စစ်ကောင်စီရဲ့ ဇဟာအခြေစိုက် အမတ(၃၀၂) တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ညနေ ၆နာရီလောက်ထိ အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်တွေဘက်က တပ်သား ၂ဦးသေဆုံးတာ မျက်မြင်တွေ့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ ရဲဘော်ထက်မြတ်က ဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဗထူးတပ်မတော်နဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၃ရက်နေ့တုန်းကလည်း ဇဟာအမြောက်တပ်ရင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ဦးသေဆုံးခဲ့ပါသေးတယ်။

 

သတင်း-နော်အယ်နီး

ပုံ- ဗထူးတပ်မတော်

Phar Si Than (People’s Radio Myanmar)