
မတ်လ ၂၃ရက် ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်-နဘူးကားလမ်းမပေါ်ရှိ မြပတိုင်ကျေးရွာနားက ရင်ကွဲတောင် စစ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ်လ ၂၃ ရက်နေ့ မနက် ၁၀ နာရီလောက်က စတင်ပြီး ရင်ကွဲတောင် စစ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေကြတာဖြစ်ပြီး လက်ရှိအချိန်ထိ မြပတိုင်ကျေးရွာနားမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ရင်ကွဲတောင် စကစ စခန်းငယ်ကို ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဖို့လုပ်နေကြပါတယ်၊ လက်ရှိ မြပတိုင်ကျေးရွာမှာ တိုက်ပွဲတွေဖြစ်နေပါတယ်၊လေယာဉ်တော့ မလာသေးပါဘူး၊ နဘူးစခန်းကို ဝင်သိမ်းရင်တော့ တိုက်ပွဲပိုကြီးလာနိုင်တယ်၊” လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် နောင်ထပ္ပံ၊ မြပတိုင်နဲ့ လခိုဘိုင်းကျေးရွာတွေက ဒေသခံ ၁၀၀၀ ဝန်းကျင်ဟာ ဘေးလွတ်ရာတောတောင်တွေမှာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ အခု မြပတိုင်ရွာထဲမှာ စစ်တပ်က တပ်စွဲထားတယ်၊ တိုက်ပွဲကလည်း ဆက်တိုက်ဖြစ်နေပါတယ်၊ ၉၇ ကနေတော့ လက်နက်ကြီး ပစ်ကူတာမရှိပါဘူး၊၊” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေတာ ၄ လနီးပါး ကြာမြင့်နေပြီး ဒေသခံ နှစ်သောင်းဝန်းကျင်ဟာ မြဝတီ၊မော်လမြိုင်၊ ဘားအံနဲ့ ဘေးလွတ်ရာကျေးရွာကို စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ဘေးတိမ်းရှောင်ရတာ အချိန်ကြာမြင့်လာတာကြောင့် နေထိုင်စားသောက်ရေးတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတယ်လို့ စစ်ဘေးရှောင်တွေရဲ့ပြောစကားတွေအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than (People’s Radio Myanmar)