စစ်ကောင်စီတပ်က ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ဒေသခံ၂ဦး ထိခိုက်ဒဏ်ရာရ

မတ်လ ၂၂ရက်နေ့၊ ၂၀၂၄ခုနှစ်

 

စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား နှစ်ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ်လ ၂၁ရက်နေ့၊ မနက် ၈နာရီနာရီခွဲလောက်မှာ တနင်္သာရီမြို့နယ်ရှိ ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ တောတွင်းတစ်နေရာမှာ  စစ်ဘေးတိမ်းရှောင်နေတဲ့ ရမ်းဖို ရွာသားနှစ်ဦးကို ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ Tanintharyi Liberation Forceရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ တိုက်ပွဲကမဖြစ်ဘူး။ ခမရ (၅၅၆)နဲ့ အမတ (၃၀၁) တပ်ရင်းကြား နယ်မြေမှာ စစ်ကောင်စီပစ္စည်းပါ၊မပါ ကုန်ကားတွေကို စစ်ဆေးတဲ့အတွက် ပစ်တာ။ ခန့်မှန်းချက်နဲ့ပစ်တာဆိုတော့ လျှောက်ကျတယ်” လို့သူက အခုလိုပြောပါတယ်။

လက်နက်ကြီး ကျည်စထိမှန်တဲ့သူတွေက အသက် ၆၀အရွယ် ရမ်းဖိုရွာဒေသခံတွေဖြစ်ပြီး တစ်ဦးကတော့ ဦးခေါင်းအနောက်ဘက်မှာ ကျည်စထိမှန်ခဲ့ပြီး တစ်ဦးကတော့ ပခုံး၊ လက်ကောက်ဝတ်နဲ့ ဆီးခုံတွေမှာ လက်နက်ကြီး ကျည်စထိမှန်ခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိမှာတော့ နှစ်ဦးစလုံးဟာ ဆေးကုသမှုခံယူနေပေမယ့် ဆေးဝါးပစ္စလည်း မလုံလောက်တာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ Tanintharyi Liberation Forceရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုတွေကို နေ့တိုင်းနီးပါးလုပ်ဆောင်နေတာကြောင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာတွေဖြစ်တဲ့ ဘန်လောရွာ၊ ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ ဘန်းလမွတ်၊ ညောပင်ကုန်း၊ တမုတ်ချုံး၊ လယ်တောင်ယာ၊ မြို့ဟောင်းရွာ၊ အနောက်မော်တုန်းရွာ စတဲ့ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် နေအိမ်တွေထိခိုက်ပျက်စီခဲ့ပြီး ဒေသခံတွေလည်းအများအပြား ထိခိုက်ဒဏ်ရာရရှိတာနဲ့ ၂၀ဦးထက်မနည်း သေဆုံးတာတွေလည်း ရှိခဲ့တယ်လို့ ဒေသတွင်းသတင်း အရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ရွာသားနှစ်ဦးဒဏ်ရာရရှိတဲ့နေရာ

Phar Si Than (People’s Radio Myanmar)