စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် သင်္ဃန်းညီနောင် နေအိမ်အလုံး၅၀ကျော်မီးလောင်

မတ်လ ၉ ရက်၊ ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ မြဝတီမြို့အဝင်ရှိ သင်္ဃန်းညီနောင်ကျေးရွာမှာစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ အပြင်စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်တာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကျေးရွာအတွင်းကနေအိမ်အလုံး၅၀  ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၈ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ခလရ ၂၇၅ တပ်ကနေ လက်နက်ကြီးတွေနဲ့ တရက်ဆက်ပစ်ခတ်တာ၊ လေယာဉ်နဲ့ တစ်နေကုန်ဗုံးကြဲတိုက်ခိုက်နေတာကြောင့်  ည၁၀ နာရီဝန်းအချိန်မှာတော့သင်္ဃန်းညီနောင်ရှိ မြို့သစ်၅ လမ်းကနေအိမ်တွေထိမှန်ခဲ့ပြီး နေအိမ်အလုံး၅၀ကျော် မီးလောင်ကာ အနီးအနားမှာ ကျန်ရှိနေတဲ့သူတွေက မီးငြိမ်းသတ်ခဲ့တာကြောင့် ည၁၂ ဝန်းကျင်အချိန်မှာတော့ မီးငြိမ်းသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

“မနေ့ကတစ်နေ့လုံးလေယာဉ်နဲ့ပစ်တာ ညကပြန်ခါနီးမှလေယာဉ်နဲ့ပစ်ချသွားတာ အဲ့မှာမီးစလောင်တာပဲ အိမ်ခြေက ၅၀၊၆၀လောက်ပါသွားတယ် အဲ့နားပတ်ဝန်းကျင်က ဂိမ်းဆိုင်တို့မှာ လူတွေကျန်နေသေးတော့ အဲ့ကလူတွေမီးဝိုင်းငြိမ်းကြတာ  ၁၂ထိုးခါနီးမှငြိမ်းသွားတယ်ကြည့်ရတာ မီးလောင်ဗုံးပစ်ချသွားတာဖြစ်မယ်” လို့သူကပြောပါတယ်။

ဒါ့အပြင် ဒီနေ့မတ်လ ၉ရက်နေ့ မနက် ၅ နာရီ၃၀မိနစ်ဝန်းကျင်အချိန်ကနေအခုအချိန်ထိစစ်တပ်ဘက်မှ လေယာဉ်နဲ့လာရောက်ဗုံးကြဲနေပြီး စစ်တပ်ရဲ့ ခလရ ၂၇၅ တပ်ဘက်ကနေ ကျောက်တောင်ဘက်၊ ကွင်းကလေးဘက်နဲ့ အတွင်းမဲကနယ်ဘက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို သင်္ဃန်းညီနောင်မှာကျန်ရှိနေသူတွေနဲ့ မဲကနယ် ကျေးရွာဘက်ကဒေသခံတွေမှာလည်းမြဝတီဘက်ကို ပြောင်းရွှေ့နေကြတယ်လို့မဲကနယ်ကျေးရွာနေအမျိုးသမီးတစ်ဦးကဆိုသည်။

“လေယာဉ်တွေလည်းပလူပျံနေရောပဲ အလုံးကြီးတွေလည်းတအားထု အခုထိလည်းပစ်နေတုန်း လက်နက်ကြီးက ရွာထဲဘက်ကိုတော့ သိပ်မကျဘူး ကျောက်တောင်ဘက်ခြမ်း၊ကွင်းကလေးဘက်ခြမ်း၊မြစန္ဒီဘက် အတွင်းမဲကနယ်တို့ဘက်ကို ၂၇၅ကပစ်ထုတ်နေတာ လက်နက်ကြီးတွေလည်းဆက်တိုက်ပဲ ညီနောင်ဘက်ကတွေလည်းပြောင်းလာတယ် ညတွင်းချင်းပြေးကြတာတွေလည်းရှိတယ် ညကတော့အသံတွေက ၁ခွဲ၂လောက်မှငြိမ်သွားတာ အခုကတော့မနက်၅ခွဲကနေစနေပြီလေယာဉ်က”လို့သူကဆိုပါတယ်။

အခုလို သင်္ဃန်းညီနောင်ကျေးရွာမှာ စစ်တပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပေမဲ့ မြဝတီအတက်အဆင်းကားတွေမှာတော့ဝှေ့ရှမ်းလမ်းနဲ့  ၉၀၁ အနောက်ပတ်လမ်းကနေ သွားလာနေကြပါတယ်။

ဒါ့အပြင် မတ်လ ၇ ရက်နေ့ကနေ ဒီနေ့ မတ်လ ၉ ရက်နေ့အထိ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်တာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် သင်္ဃန်းညီနောင်ကျေးရွာက ဒေသခံထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ၁၀ဦးထပ်မနည်းရှိနေပြီဖြစ်ပြီး ဒေသခံထောင်ချီဟာလည်း မြဝတီမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေသလို ကျေးရွာရှိ လယ်ကွင်းအနီးကနေအိမ်အများအပြားလည်း လက်နက်ကြီးထိမှန်ပျက်စီထားကာ လမ်းမပေါ်တွေမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာမျိုးတွေရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)