ကော့ကရိတ်မြို့မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ် ၂ လုံး ထပ်မံမီးလောင်ပျက်စီး

မတ်လ ၁ ရက်၊၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ၊ အမှတ် ၅ ရပ်ကွက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးထပ်မံမီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၂၉ ရက် ညနေ ၃ နာရီလောက်မှာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမှတ် ၅ ရပ်ကွက်၊ ရတနာလမ်း၊  အစ္စလာမ်ဘာသာဝင်အများဆုံးနေထိုင်တဲ့ နေရာမှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲ့ဒီနေရာမှာ မီးလောင်တာဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

” သုံးနာကျော်လောက်မှာပါ၊လွန်ခဲ့တဲ့လ အမှတ်၅ ရတနာလမ်း မှာအိမ်ခြေငါးဆယ်ခန့် မီးဘေးသင့်ခဲ့တဲ့ လက်ကျန်အိမ်ထဲက နှစ်လုံးနဲ့ တစ်ဝက် ထပ်လောင်တာပါ၊” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အမှတ် ၅ ရပ်ကွက်ရှိ နေအိမ်အလုံး ၅၀ ထပ်မံမီးလောင်ခဲ့ပါသေးတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း ဒေသခံနေအိမ်တွေ မကြာခဏ မီးလောင်ပျက်စီးနေတာကြောင့် စစ်ဘေးရှောင် တချို့ နေအိမ်တွေမှာ ပစ္စည်းပြန်ဝင်ယူတဲ့အခါ ခလရ ၉၇ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက ” မီးလောင်မူကြီးတွေဖြစ်ပြီး အရပ်သားတချို့  အိမ်ပြန်ပစ္စည်းသိမ်းတာကို တော်လှန်ရေးအဖွဲ့က အချိန်အကန့်နဲ့ခွင့်ပြုတယ်၊ အဲ့ဒီအချိန်မျိုးကျရင်  စကစ က လက်နက်ကြီးနဲ့အရပ်ထဲထုချလေ့ရှိတယ်၊”လို့ သူကပြောပါတယ်။

“လက်ရှိအချိန် ကော့ကရိတ်မြို့မှာ တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားတာမရှိသေးပေမဲ့ စစ်တပ်ရဲ့ ခလရ ၉၇ ကနေ လက်နက်ကြီးပစ်ခတ်တာတွေရှိနေသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေလည်း သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိနေတယ်” လို့ KNLA သတင်းအရင်းမြစ်တွေက ဆိုပါတယ်။

” အေးဆေးတယ်တော့လဲ ဘယ်ဟုတ်မလဲ၊ ရင်ဆိုင်တိုက်ပွဲက မဖြစ်ပေမဲ့ လက်နက်ကြီးမှန်းထုတစ်ဖက်ကလည်း လက်နက်ငယ်ထောင်ပစ်တာကတော့ နေ့စဥ်လိုလိုဘဲပေါ့၊ နည်းတာနဲ့များတာဘဲကွာပါတယ်၊” လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့မှာ ဖြစ်ပွားနေတဲ့ ၃ လကြာတိုက်ပွဲအတွင်း ဒေသခံ နေအိမ် အလုံး ၃၀၀ ကျော် မီးလောင်ပျက်စီးနေသလို ဒေသခံ နှစ်သောင်းဝန်းကျင်ဟာလည်း မြဝတီ၊ ဘားအံ၊မော်လမြိုင်နဲ့ ဘေးလွတ်ရာကျေးရွာတွေမှာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Social Media

Phar Si Than (People’s Radio Myanmar)