
ဖေဖော်ဝါရီလ ၂၈ရက် ၂၀၂၄ ခုနှစ်
မွန်ပြည်နယ်၊သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ မိုးကောင်းကျေးရွာအနီးက တံတား မိုင်းခွဲခံရတာကြောင့် တံတားပျက်စီးပြီး ကားလမ်းပိတ်ဆို့တာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီလ ၂၈ရက်နေ့ မနက် ၄ နာရီလောက်က မိုးကောင်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိတံတား မိုင်းခွဲခံခဲ့ရတာဖြစ်ပြီး အခုလို မိုင်းခွဲခံခဲ့ရတာကြောင့် တံတားပျက်စီးသွားခဲ့တာကြောင့် ကားလမ်းပိတ်ဆို့တာတွေ ဖြစ်ပွားနေသလို ရွာချင်းဆက်လမ်းတွေကနေတစ်ဆင့် သွားနေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ မနက် ၄ နာရီလောက်ဘဲရှိသေးတယ် အသံက အကျယ်ကြီးကြားရတာ၊ ၄ ချက်လောက်ကြားရတယ်၊ တံတားတစ်ခုလုံးကတော့ပျက်စီးသွားတယ်၊ ကားသေးသေးလေးတွေကတော့ လောလောဆယ် ရွာထဲက သွားနေကြတယ်၊ကားသွားလို့ရတဲ့ ရွာလည်းရှိနေတယ်၊ မှန်လုံကားတွေ၊ ကားကြီးကြီးတွေကတော့ ရွာထဲလည်းဝင်လို့မရတော့ ရပ်နေကြရတယ်၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးကောင်းကျေးရွာအနီးရှိ တံတားမိုင်းခွဲခံရတာကြောင့် တံတားအနီးရှိ ဈေးဆိုင်တစ်ချို့ ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူထိခိုက်တာမျိုးမရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
အခုလို မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ပတ်သတ်ပြီး ဒေသတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ကျွန်တော်တို့ Peope’s Radio Myanmar အနေနဲ့ သွားရောက်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
မိုင်းခွဲခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ခန့်ထားတဲ့ တာဝန်ရှိသူတွေက လာရောက် စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြပေမဲ့ တံတားကို ပြန်လည်ပြင်ဆင်တာမျိုးမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ မိုင်းခွဲပြီးပြီးချင်းတော့ ဘယ်သူမှ လာမကြည့်ကြဘူး၊ ရွာထဲကလူတွေဘဲ ထွက်ကြည့်ကြတယ်၊ မနက်မိုးလင်းတော့ လူကြီးတွေကော စစ်သားတွေကော ရောက်လာကြတယ်၊ အခု တံတားကို ပိတ်ထားတယ်၊ ပြန်ပြင်တာတွေလည်း မရှိသေးဘူး၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်နေ့ကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲခံရတာကြောင့် တံတားပျက်စီးခဲ့ပြီး ဒေသခံတွေမှာ သွားလာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – မိုးကောင်းလူမှုကယ်ဆယ်ရေးအသင်း
Phar Si Than (People’s Radio Myanmar)