[videopress uCA8OSDR]
ဖေဖော်ဝါရီလ ၁၉ရက်နေ့ ၂၀၂၄ခုနှစ်
လောင်းလုံမြို့နယ်၊ ကျောက်နီမော်ရွာအနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေလိုက်ပါလာတဲ့ ကားကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ LLPDF ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၅ရက်နေ့၊ ညနေ ၄နာရီဝန်းကျင်လောက်က ကျောက်နီမော်ရွာအနီး ရဲချောင်းလမ်းဆုံကို ပျူစောထီတစ်ဦးက လာရောက်ထောက်လှမ်းတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေက အရှင်ဖမ်းဆီးတဲ့အချိန် သေနတ်နဲ့ ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်လိုက်တယ်လို့ LLPDF ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ ကျနော်တို့ မိုင်းကွင်းချပြီးစောင့်နေတုန်း ကင်းထောက်လာတဲ့ ပျူစောထီးကို ဖမ်းတာ လက်လုပ်သေနတ်နဲ့ ပစ်ခတ်လို့ ပစ်သတ်လိုက်တယ်။ အဲ့ချိန်မှာ သေနတ်သံကြားလို့ ကားကရောက်လာတယ်” လို့သူက အခုလိုပြောပါတယ်။
အဲ့ဒီနောက် ပျူစောထီးနဲ့ စစ်သားတွေ လိုက်ပါလာတဲ့ကားဟာ ပျူစောထီးပစ်ခတ်ခံရတဲ့ နေရာကို ချက်ချင်း ရောက်ရှိလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေက ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ LLPDFရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“ မိုင်းကွင်းနားမရောက်ခင်မှာ ကားပေါ်ကနေ အချို့ဆင်းနေခဲ့ပြီး ပြည်သူတွေရဲ့ အိမ်တွေထဲ ဝင်စစ်ဆေးခဲ့တယ်။ ကားက လမ်းဆုံထိတက်လာပြီး ပြန်လှည့်နေတဲ့အချိန်မှာ မိုင်းဆွဲလိုက်တာပါ။ ကားထဲမှာက စစ်သားတစ်ယောက်နဲ့ ပျူတစ်ယောက်ဘဲ့ ပါတယ်” လို့ သူက ပြောပြပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပြည်သူ့နေအိမ်တွေကို ဝင်စစ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်လောက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်တွေဘက်က ပျူစောထီးတစ်ဦး သေဆုံးပြီး မိုင်းဆွဲတိုက်ခိုက်မှုတော့ စစ်ကောင်စီတပ်ကား ပျက်စီးကာ လူထိခိုက်မှုကိုတော့ အတိအကျမသိရှိရသေးဘူးလို့ LLPDFရဲ့ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို လောင်းလုံပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဇုန်(၃) ကင်းမြီးကောက် ပြောက်ကျားတပ်စု၊ ဇုန်(၄)တပ်စုနဲ့ ဇုန်(၅) ပင်လယ်ကြယ်တပ်စု တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)