
“အသက်ရှင်ဖို့ ကြိုးစားနေတာကိုမှ လမ်းဆုံးရောက်အောင် ပို့နေတာလို့ မြင်တယ်။ အစစအရာရာဖျက်ဆီးခံလိုက်ရလို့ ပျက်စီးနေတာကိုမှ အသက်ရှူပေါက် ပိတ်လိုက်တာလို့ ခံစားရတယ်။”
အသက် ၂၈ နှစ်အရွယ် ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေသူတစ်ဦးရဲ့စကားသံဖြစ်ပြီး အခုလ ၁၀ ရက်နေ့မှာ အသက်ဝင်ကြောင်းထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အခုလို ခံစားရတာကို ပြောပြခဲ့တာပါ။
စစ်ကောင်စီဟာ စစ်မှုထမ်း ဥပဒေအသက်ဝင်ကြောင်းထုတ်ပြန်ပြီးနောက် အဖွဲ့ဝင် ၁၈ ဦးပါတဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး တိုင်းနဲ့ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကိုလည်း မနေ့က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထပ်မံဖွဲ့စည်းလိုက်ပါတယ်။
အဲ့ဒီကတဆင့် မြို့နယ်နဲ့ ရပ်ကွက်၊ ကျေးရွာအဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကိုလည်း ဆက်လက်ဖွဲ့စည်းသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေကနေ ပြောထားပါသေးတယ်။
နိုင်ငံအတွင်းမှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အမျိုးသား ၆ ဒဿမ ၃ သန်း၊ အမျိုးသမီး ၇ ဒဿမ ၇ သန်း စုစုပေါင်း ၁၃ သန်း နီးပါးရှိရာ ပထမဆုံးအပတ်စဉ်တွေမှာ အမျိုးသမီးတွေကို ခေါ်ယူနိုင်ခြေနည်းကြောင်းနဲ့ တစ်နှစ်မှာ စစ်မှုထမ်းဖို့ လူဦးရေ ၅ သောင်း ထက်ပိုပြီး ခေါ်နိုင်မှာမဟုတ်ဘူးလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားပါတယ်။
စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေ လက်ထက် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ စတင်ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်အသက်ဝင်ပြီလို့ လက်ရှိအာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
နိုင်ငံသားတိုင်းစစ်မှုမထမ်းမနေရလို့ ပြဌာန်းထားတဲ့ အဆိုပါဥပဒေမှာ သာမာန်အရပ်သားအဖြစ် အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အတွင်း အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း အမျိုးသမီးတွေက မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု ပညာရပ် တတ်မြောက်ထားသူဖြစ်ပြီး စစ်မှုထမ်းဥပဒေအရ ကျွမ်းကျင်သူအဖြစ် ဖော်ပြချက်နဲ့ ကိုက်ညီနေပါက အမျိုးသားဖြစ်ရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးဖြစ်ရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့လည်း ဆိုထားပြန်ပါတယ်။
အဆိုပါ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး “နိုင်ငံကို မရရတဲ့နည်းနဲ့ ဖျက်ဆီးခြင်း နောက်တမျိုးလို့ပဲထင်တယ်။ နဂိုကမှ အလုပ်အကိုင် အခွင့်အလမ်းနည်းနေကြတယ်။ အရာရာအဆင်မပြေဖြစ်နေကြတယ်။ စီးပွားရေးတွေ အဆင်မပြေဖြစ်နေကြတဲ့ကြားက အဲ့ဒီဥပဒေကိုထုတ်ပစ်လိုက်တော့ လူငယ်ကအစ လူကြီးအဆုံး စိတ်မလုံခြုံမှုကိုပါ ဖြစ်နေတာပေါ့” လို့ ဘားအံမြို့ အမှတ် (၃) ရပ်ကွက်နေ အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးက သူမရဲ့ထင်မြင်ချက်ကိုပြောပြပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ ဘားအံမြို့ထဲမှာ ပြည်သူတွေ ပုံမှန်သွားလာနေကြပေမယ့် ဥပဒေအသက်ဝင်ကြောင်း ထုတ်ပြန်ပြီးနောက်ပိုင်းမှာ တဆက်တည်းထွက်ပေါ်လာတဲ့ လူမှုကွန်ရက်ပေါ်က ပေါ်တာဖမ်းခံရတဲ့ သတင်းတွေကြောင့် လူငယ်အများစုကတော့ ညနေဘက်အပြင်ထွက်ဖို့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သူမက ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေမှာ နိုင်ငံသားတိုင်း ၂၄ လ (၂ နှစ်) တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး တပ်မတော် စက်မှုလက်မှုပညာသည်အဖြစ် ဆင့်ခေါ်ခံရသူတွေနဲ့ စစ်မှုထမ်းရမယ့်အသက်အရွယ်ရောက်နေတဲ့ ကျွမ်းကျင်သူတွေကတော့ ၃၆ လ (၃ နှစ်) တာဝန်ထမ်းဆောင်ရမယ်လို့ ပြဌာန်းထားပါတယ်။
နိုင်ငံတော်မှာ အရေးပေါ်အခြေအနေဖြစ်ပေါ်လာရင်လည်း စစ်မှုထမ်းကာလကို ၅ နှစ် အထိ တိုးမြှင့်နိုင်တယ်လို့လည်း ထည့်သွင်း ပြဌာန်းထားပါသေးတယ်။
ဒီဥပဒေအရ စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းချင်တာကြောင့် ဘားအံ၊ ကော့ကရိတ်နဲ့ မြဝတီမှာနေထိုင်ကြတဲ့လူငယ်တချို့ကတော့ စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေထံကို ခိုလှုံဖို့ လမ်းကြောင်းရှာဖွေသူတွေ၊ နီးစပ်ရာ ထိုင်းနိုင်ငံကို သွားရောက်ခိုလှုံဖို့ ပြင်ဆင်နေသူတွေများနေတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။
“ကိုယ့်ကိုကိုယ်ထက် အိမ်က ကလေးကို ပိုပူနေရတယ်။ ရန်ကုန်ဘက်မှာဆို ဟိုနေရာ ဒီနေရာ စာရင်းကောက်နေပြီပြောတယ်။ ဝင်ဆွဲတယ်လည်း ကြားနေရတယ်။ ဟုတ်မဟုတ်တော့ မသိပေမယ့် စိတ်ပူနေရတယ်။ ၂၁၊ ၂၂ အရွယ်လေးတွေဆိုတော့ ပိုပြီးပူနေရတယ်။ လေးလပိုင်းထဲမှာစမယ်လို့လည်းတွေ့တော့ အိမ်က ကလေးကိုဘယ်လိုလုပ်ပေးရမလဲမသိဘူးစိတ်ညစ်တယ်။ အောက်လမ်းနဲ့ထိုင်းပို့ဖို့ကလည်းအန္တရာယ်များ။ မရတဲ့အဆုံးတောထဲလွှတ်ဖို့တော့အိမ်နဲ့ပြောထားတယ်” လို့ ဘားအံ အမှတ် (၅) ရပ်ကွက်နေ အသက် ၂၈ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ “စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လာခြင်းသည် တရားဝင်မှု အလျဉ်းမရှိသည့် လုပ်ရပ်သာဖြစ်ပြီး ပြည်သူလူထုအနေဖြင့် လုံးဝလိုက်နာရန်မလိုပါ” လို့ တုန့်ပြန် ကြေညာချက်ထုတ်ထားတာဖြစ်ပါတယ်။
အလားတူ NUG လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း စစ်မှုထမ်းဥပဒေကြောင့် ပြည်သူတွေ ဘေးကျပ်နံကျပ် အခြေအနေကို ကြုံတွေ့နေရပြီး PDF ဘက်ကိုဝင်ဖို့ လာမေးတဲ့ လူငယ်တွေလည်း အများအပြားရှိလာတယ်လို့ ဆိုကြပါတယ်။
“တကယ်မလူးသာမလွန့်သာ အခြေအနေကြီး။ ဒီကြားထဲ ဟိုမှာဖမ်းတယ် ဒီမှာဖမ်းတယ်ဆိုတာတွေက ပိုပြီး ဖရိုဖရဲဖြစ်အောင်ကို သက်သက်လုပ်နေပုံပဲ။ လာမေးတဲ့သူတွေလည်းအများကြီး။ ဘာမှလည်း လုပ်မပေးတတ်လေ အကြံပဲပေးနိုင်တာလောက်ပဲရှိတာ” လို့ တောင်ပိုင်းတိုင်း စစ်မြေပြင်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့အပြိုင် စစ်အာဏာရှင်တော်လှန်ရေး လက်နက်ကိုင် အင်အားစု အသီးသီးက တပ်သားသစ်ခေါ်ယူမှုတွေလည်းရှိနေပါတယ်။
“သူတို့ရည်ရွယ်ချက်က ပြည်မကလူတွေ လက်နက်ကိုင်နေရာတွေကိုပြေး။ ပြည်မမှာ သူတို့ (စစ်တပ်) ပဲကျန်။ လက်နက်ကိုင်နေရာတွေကို တစ်စုတစ်စည်းတည်း မြေပြင်ဝေဟင် ချေချင်လို့လားပေါ့” လို့ အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က သူ့ရဲ့ ထင်မြင်ချက်ကို ဆက်ပြောခဲ့ပါတယ်။
စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေအပြင် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စစ်မှုထမ်းဟောင်းတွေကို တပ်ထဲ ပြန်လည်ခေါ်ယူနိုင်ရန်အတွက် အရန်တပ်ဖွဲ့ဥပဒေကို အသက်သွင်းကြောင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံ နေရာဒေသအနှံ့မှာ စစ်မျက်နှာဖြန့်ပြီး ရင်ဆိုင်တိုက်ပွဲတွေဆင်နွှဲနေရတဲ့ စစ်ကောင်စီဟာ ကာကွယ်ရေးအင်အားတိုးမြှင့်ဖို့အတွက် အခုလို ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ဥပဒေကို အကောင်အထည်ဖော်လိုက်တာလို့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
စစ်တပ်က အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေဟာ ရေရှည်အစီအစဉ်ဖြစ်ပြီး စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရလက်ထက်မှာလည်း ဆက်လက်တည်မြဲသွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။
စစ်မှုထမ်းဥပဒေအရ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည်အမျိုးသမီးများ၊ အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးများ၊ စစ်တပ်ဆေးတပ်ဖွဲ့စစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်းမသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများသာ စစ်ကောင်စီတပ်ထဲဝင်ရန် ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ စစ်မှုထမ်းခြင်းကို ငြင်းဆိုပါက ထောင်ဒဏ်ချမှတ်ခံရမှာဖြစ်ပြီး စစ်မှုထမ်းရန်စာရင်းမသွင်းခြင်း၊ စာရင်းသွင်းပြီး ဆေးစစ်မှုမခံယူခြင်း၊ စစ်ထဲဝင်ရန်ဆင့်ခေါ်စာရထားသော်လည်း လူမရောက်လာခြင်းနဲ့ အထောက်အထားလိမ်လည်ဖော်ပြခြင်းတို့အတွက် ထောင်ဒဏ် ၃ နှစ်၊ ဆေးမအောင်ရန်ကြိုးစားခြင်းနဲ့ စစ်ထဲမဝင်လိုခြင်းကြောင့် ဆေးကျရန်အနာတရဖြစ်အောင်လုပ်ခြင်းအတွက် ထောင်ဒဏ် ၅ နှစ်၊ စစ်ထဲမဝင်ရရေးအတွက် အားပေးကူညီမှုအတွက် ထောင်ဒဏ် ၁ နှစ် အထိချမှတ်နိုင်တယ်လို့ ဥပဒေမှာထည့်သွင်းပြဌာန်းထားပါတယ်။
ဆောင်းပါးရှင် – နန်းလာဖောင်ခလိန်း