ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ဗဒိုမန်းရှားလားဖန်း ကျဆုံးခြင်း (၁၆) နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ကျင်းပ

ဖေဖော်ဝါရီလ ၁၄ရက်၊၂၀၂၄ ခုနှစ်

 

ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ဗဒိုမန်းရှားလားဖန်း ကျဆုံးခြင်း (၁၆) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ဒီပွဲအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး နယ်စပ်မှာရောက်နေတဲ့ နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဗဒိုမန်းရှားလားဖန်းရဲ့ နိုင်ငံရေး၊ စစ်ရေး လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ ပူးပေါင်းပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။

အခုလို ဗဒိုမန်းရှားလားဖန်းရဲ့ အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ကျင်းပရတာဟာ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာတဲ့လူငယ်တွေနဲ့ ပြည်တွင်းစစ်ကာလတစ်လျှောက်လုံးမှာပါဝင်တဲ့ ဗဒိုမန်းရှားလားဖန်းကို မိတ်ဆက်ပေးနိုင်အောင် ပြုလုပ်ကျင်းပခဲ့တာဖြစ်တယ်လို့ ပွဲစီစဥ်တဲ့နေရာမှာပါဝင်သူ ကိုရဲဟိန်းအောင်ကပြောပါတယ်။

” ဒီအခမ်းအနားကို အဓိကဆောင်ရွက်ရတာကတော့ နွေဦးတော်လှန်ရေးမှာ အသစ်ပါဝင်လာတဲ့ လူငယ်တွေ၊တော်လှန်ရေးသမားတွေနဲ့ အစဥ်အဆက် ပြည်တွင်းစစ်ကာလတစ်လျှောက်လုံးမှာ ဦးဆောင်ခဲ့တဲ့ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးရဲ့ခေါင်းဆောင်ပေါ့နော်၊ အထူးသဖြင့် စံနမူနာယူထိုက်တဲ့ ခေါင်းဆောင်မှုအပိုင်းမှာကော နိုင်ငံရေးဆိုင်ရာ အမြင်တွေမှာကော စံနမူနာယူထိုက်တဲ့ ဗဒိုမန်းရှားလားလိုခေါင်းဆောင်မျိုးနဲ့ လူငယ်မျိုးဆက်သစ်တွေကြားမှာမိတ်ဆက်ပေးနိုင်အောင်ပြုလုပ်ကျင်းပတာပါ၊” လို့ကိုရဲဟိန်းအောင်က ပြောပါတယ်။

ဒါ့အပြင် ကရင့်တော်လှန်ရေးသမိုင်းကြောင်းနဲ့ လက်နက်ကိုင်တော်လှန်ရေးဖြတ်သန်းမှုတွေကို နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ ရဲဘော်တွေနဲ့ လူငယ်တွေ ပိုပြီးနားလည်သိရှိနိုင်အောင် ပြုလုပ်ကျင်းပရတာလည်းဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

သူက “ကရင့်တော်လှန်ရေးသမိုင်းကြောင်းနဲ့ ရှေ့ပိုင်းလက်နက်ကိုင်တော်လှန်ရေးဖြတ်သန်းမှုတွေကို နွေဦးတော်လှန်ရေး ရဲဘော်တွေ၊လူငယ်တွေပိုပြီးသိရှိနားလည်အောင်ရည်ရွယ်ပြီး ကျွန်တော်တို့ ဒီအခမ်းအနားလေး လုပ်ခဲ့တာပါ၊” လို့ပြောပါတယ်။

ဗဒိုမန်းရှားလားဖန်းရဲ့ အောက်မေ့ဖွယ်အခမ်းအနားမှာ ဗဒိုမန်းရှားလားဖန်းရဲ့ နိုင်ငံရေး၊ စစ်ရေးလုပ်ဖော်ကိုင်ဖက်ဟောင်းတွေက ဂုဏ်ပြုစကားပြောကြားတာနဲ့ ကဗျာရွတ်ဆိုတာတွေကို ပြုလုပ်ခဲ့ပါတယ်။

ဗဒိုမန်းရှားလားဖန်းဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) အတွင်းရေးမှူးဟောင်းဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့ ညနေ ၄ နာရီခွဲလောက်က ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ရှိနေအိမ်မှာ အမည်မသိသေနတ်သမားတွေရဲ့ လုပ်ကြံမှုကြောင့် သေနတ်ဒဏ်ရာ ၃ ချက်နဲ့သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – ကိုဖြိုး

Phar Si Than (People’s Radio Myanmar)