ကော့ကရိတ်မြို့ ခုနှစ်တိုင်ကျေးရွာနဲ့ ကိုးတိုင်ကျေးရွာတွေမှာ တိုက်ပွဲ ပြင်းထန်ဖြစ်ပွား

ဖေဖော်ဝါရီလ ၈ရက်၊ ၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ခုနှစ်တိုင်ကျေးရွာနဲ့ ကိုးတိုင်ကျေးရွာဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ​အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ခုနှစ်တိုင်ကျေးရွာနဲ့ ကိုးတိုင်ကျေးရွာဘက်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီလောက်ကစပြီး   ဖေဖော်ဝါရီလ ၇ ရက်နေ့ နေ့လည် ၁၂ နာရီကျော်တဲ့အထိ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” တိုက်ပွဲကတော့ ၆ရက်နေ့ညနေထဲကဖြစ်နေတာဘဲ ၊တစ်ညလုံးဖြစ်တာ၊ ဒီနေ့လည်းအခုချိန်ထိမရပ်သေးဘူး၊ လက်နက်ကြီးတွေကောသေနတ်သံတွေကော စုံနေတာဘဲ၊ ” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေတိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ကော့ကရိတ်မြို့ပေါ်မှာ စစ်တပ်လေယာဥ်ပျံဝဲခဲ့သလို တစ်ညလုံးလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှာကို ကြောက်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့တိုက်ပွဲအတွင်းစစ်တပ်က ကော့ကရိတ်မြို့ဘက်ကို ကျုံဒိုးမြို့ ချောင်းဖျားကျေးရွာဘက်ကနေ စစ်ကား၅စီး အင်အားအပြည့်နဲ့တက်လာတာတွေ့ခဲ့ရသေးတယ်လို့ ကျုံဒိုးဒေသခံတွေက ပြောပါတယ်။

” စစ်ကား ၅ စီး၊အထဲမှာ လူတွေကော သေနတ်တွေကောအပြည့်တွေ့တယ်၊ ဘယ်ကလာလဲတော့မသိဘူး၊ ချောင်းဖျားဘက်ကနေကော့ကရိတ်ဘက်ကို တက်သွားတာ၊တိုက်ပွဲ ဖြစ်နေတဲ့အချိန်မှာဘဲ တက်သွားတာ၊” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေနေ့တိုင်းဖြစ်ပွားနေသလို ကရင်နယ်ခြားစောင့်တပ်(BGF) ကလည်း KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဝင်ရောက် တိုက်ခိုက်တာတွေရှိနေတယ်လို့ KNLA သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

” တိုက်ပွဲကတော့နေ့တိုင်းဖြစ်နေတာ၊ BGFပူးပေါင်းတယ်ဆိုတဲ့သတင်းကတော့ထွတ်နေတာကြာပြီး၊ အခုလက်ရှိမှာတော့ စစ်တပ်က လက်နက်ကြီးပစ်တာတွေကို ဆက်တိုက်လုပ်နေတယ်၊” လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကရင်ပြည်နယ်ထဲက မြဝတီ၊ကော့ကရိတ်နဲ့ ကျုံဒိုးမြို့တွေဘက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး နှစ်ဖက်သေဆုံးတာတွေ ရှိနေတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-ပုံဟောင်း

Phar Si Than(People’s Radio Myanmar)