ကလိန်အောင်မြို့အခြေစိုက် တပ်ရင်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်သား ၃ဦးသေဆုံး

[videopress HBWHSNUl]

ဖေဖော်ဝါရီလ ၆ရက်နေ့၊ ၂၀၂၄ခုနှစ်

 

ရေဖြူမြို့နယ်၊ ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ ကလိန်အောင်မြို့အခြေစိုက် ခမရ (၄၁၀) တပ်ရင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက မောင်းသူမဲ့လေယာဉ်နဲ့  ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Kanbauk Defense Force ဒရုန်တပ်ဖွဲ့ရဲ့ ရဲဘော်ပါပီလွန်ဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၂ရက်နေ့၊ မနက် ၈နာရီခွဲလောက်မှာ ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ ကလိန်အောင်မြို့အခြေစိုက် ခမရ ၄၁၀ တပ်ရင်းကို ဗုံးသီး ၄လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ KDF ဒရုန်းတပ်ရဲ့ ရဲဘော်ပါပီလွန်က ဆိုပါတယ်။

“ နှစ်လုံး နှစ်ကြိမ်ကြဲတာပါ။ ပထမအကြိမ် ဗုံးသီးနှစ်လုံးကြဲပြီးတာနဲ့ လက်နက်ငယ်တွေနဲ့ ဒရုန်းကို ပစ်ပြီး လက်နက်ကြီးတွေနဲ့ပါ ရမ်းပစ်တာ။ တိုက်ခိုက်မှုလုပ်နေတဲ့အချိန်မှာ လက်နက်ကြီး စပစ်တာဘဲ” လို့ သူက အခုလို ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ အဆိုပါ တပ်ရင်းထဲကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ကျေးရွာထဲက ခြံတွေထဲ ကျရောက်ပေါက်ကွဲပြီး အရပ်သားထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

“ လက်နက်ကြီးအမြဲထုခံနေရတော့ ခြံထဲတွေမှာ အလုပ်မလုပ်တော့ပဲ နီးစပ်ရာရွာတွေထဲက အိမ်တွေကိုပဲ ပြောင်းရွှေ့သွားကြတာပါ” လို့ ပါပီလွန်က ဆက်ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်တွေဘက်က အဆောက်အအုံတွေထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား (၃) ဦးသေဆုံးခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ-၄)ရဲ့ ဒရုန်းတပ်ဖွဲ့၊ Dawei Defense Team (DDT) တပ်ခွဲ-၃ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ရက်နေ့ကလည်း ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ခမရ (၄၀၉) တပ်ရင်းကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီး ၅လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရာရှိ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ တော်လှန်ရေးတပ်ရဲ့ သတင်းအရင်းအမြစ်အရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- ခမရ (၄၁၀)ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တဲ့ ရုပ်သံ

Phar Si Than (People’s Radio Myanmar)