
ဖေဖော်ဝါရီလ ၅ရက်နေ့၊ ၂၀၂၄ခုနစ်
မြိတ်ခရိုင်၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲနဲ့ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ တနင်္သာရီမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။
အခုလက်ရှိ စစ်ဘေးတိမ်းရှောင်နေရတဲ့ ရွာတွေက ရှမ်းအင်းတော်ရွာ၊ ရေဖြူရွာ၊ ထုံခါရွာ၊ ဘန်လောရွာ၊ ညောင်ပင်ကုန်းရွာ၊ ၆မိုင် စတဲ့ရွာတွေက ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်နေရတာ ဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီနေသူက ဆိုပါတယ်။
ဇန်နဝါရီလ ၃၁ရက်နေ့က ဘန်လောရွာကို စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသတော်လှန်ရေးတပ်တို့ ဖေဖော်ဝါရီလ ၂ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အဲ့ဒီကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရတာ ဖြစ်တယ်လို့ တောင်ပိုင်းညီနောင် တပ်ပေါင်းစု (SBA) စစ်ကြောင်းရဲ့ ပြန်ကြားရေးအရာရှိ ကိုစိုင်းညီက ပြောပါတယ်။
“ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲသွားတာက တိုက်ပွဲဖြစ်နေတဲ့ ရွာကို မကြဲဘူး။ အနားပတ်ပတ်လည်မှာ ရှိတဲ့ ရွာတွေကို ကြဲသွားတာ။ အဲ့လိုဆိုတော့ ရွာသားတွေက ထိတ်လန့်နေကြတာပေါ့” လို့သူက အခုလို ပြောပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးကတည်းက အကြိမ်ကြိမ် စစ်ဘေးတိမ်းရှောင်နေရတာကြောင့် ဒေသခံတွေအနေနဲ့ စားဝတ်နေရေးခက်ခဲလာပြီး ကျန်းမားရေးအခက်အခဲ တွေနဲ့လည်းရင်ဆိုင်လာရတယ်လို့ ကိုစိုင်းညီက ဆက်ပြောပါတယ်။
“ သူတို့ရဲ့ စီးပွားရေးတွေကိုလည်း ဒီတိုင်းပစ်ထားရတယ်။ လုပ်ငန်းခွင်ကိုလည်း ပြန်ဝင်လို့ မရတော့ဘူး။ ဒေသခံတွေက ရွာထဲကို ပြန်ဝင်လိုက် ရှောင်လိုက်နဲ့ဘဲ့ နေကြရတယ်” လို့ သူကပြောပြပါတယ်။
နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ စစ်ဘေးရှောင်တွေက စစ်ရှောင်စခန်းမှာ လာရောက် နေထိုင်တာတွေရှိသလို ဥယျာဉ်ခြံတွေနဲ့ တောတောင်တွေထဲမှာလည်း ပြောင်းရွှေ့နေထိုင် ကြတယ်လို့ သိရပါတယ်။
အခုလက်ရှိမှာလည်း စစ်ကောင်စီတပ်ရဲ့ ကမလိုင်းရွာအခြေစိုက် ခမရ (၅၅၈)၊ တနင်္သာရီအခြေစိုက် ခမရ (၅၆၁) တပ်ရင်းတွေဘက်ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေကြောင့် ရွာထဲက နေအိမ်တွေထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတွေလည်း အမြဲလိုလို ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်၊ အောက်တိုဘာလက တနင်္သာရီမြို့နယ်မှာ စစ်ရှောင်ဦးရေ ၃၇၀၀ ကျော်ရှိတယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုရေးအဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များ
Phar Si Than (People’s Radio Myanmar)