ကော့ကရိတ်မြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေ

ဖေဖော်ဝါရီလ ၁ရက် ၂၀၂၄ ခုနှစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း ရပ်ကွက်တွေဖြစ်တဲ့ ချောင်းတောင်၊ဝင်းကြီးနဲ့ တံတားဦးရပ်ကွက်တွေဘက်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ နေ့တိုင်းပြုလုပ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပွားနေသလို ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၅ နာရီလောက်ကလည်း စစ်တပ်က ချောင်းတောင်ရပ်ကွက်ထဲကို ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေက ဆိုပါတယ်။

“ဒရုန်းကတော့ အခုနောက်ပိုင်းမှ နေ့တိုင်းလာတယ်၊အရင်တုန်းကဆို မလာဘူး၊ မနေ့တုန်းကလည်း ၅ နာရီကျော်လောက် ချောင်းတောင်မှာ လာပစ်သွားတယ်၊ ဘာမှတော့မဖြစ်သွားဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားတာ ၂လကြာမြင့်နေပြီး စစ်တပ်က အနီးနားကျေးရွာတွေဖြစ်တဲ့ ကော့နွဲ့၊ တံတားဦး၊ တောင်ကြာအင်း၊မြောက်ကြာအင်း၊ အံဖကြီး၊ အံဖလေးကျေးရွာဘက်နဲ့ အာရှလမ်းဘက်တွေကို လက်နက်ကြီးနဲ့ ညတိုင်းပစ်ခတ်နေတယ်လို့ ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” ထိတွေ့တိုက်ပွဲတွေကတော့ မကြာခဏဆိုသလိုဖြစ်ပွားနေဆဲပါခင်ဗျာ ၊မြေပြင်အထိနာနေတဲ့ အကြမ်းဖက် စကစ စစ်တပ်က နေ့စဉ်လက်နက်ကြီးပစ်ကူနဲ့ ဒရုန်းယာဉ်တွေသုံးပြီး ကော့ကရိတ်မြို့နယ်အတွင်းကို ပစ်ချနေတဲ့အပြင် လေကြောင်းက‌နေ ကော့ကရိတ်မြို့နယ်အနီးတဝိုက်ရှိ ရပ်ကွက်ကျေးရွာတွေဘက်ကို ညသံခေါင်ယံအချိန်တွေမှာ ရမ်းသမ်းပစ်ချ‌နေတာတွေရှိပါတယ်ခင်ဗျာ၊” လို့ ကျားဖြူစစ်ကြောင်းက တူဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် သီးခြားရပ်တည်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတဲ့ကရင်နယ်ခြားစောင့်တပ်(BGF)ကလည်း ကော့ကရိတ်မြို့တွင်းတိုက်ပွဲမှာ သေသေချာချာပါဝင်လာတာမျိုးမရှိပေမဲ့ စစ်တပ်ကို နယ်မြေသတင်းပေးတာတွေနဲ့ လမ်းပြတာတွေကို ပြုလုပ်နေတယ်လို့ ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူကဆက်ပြောပါတယ်။

သူက ” ဒီဇင်ဘာလအတွင်းမှာတော့ ပါဝင်တိုက်ပေးတာရှိပါတယ်ခင်ဗျာ့၊2024 နှစ်ဦးပိုင်းတိုက်ပွဲတွေမှာတော့ ပါဝင်တိုက်ပေးတာမျိူးမသိရပါဘူးစကစ နဲ့ တခြားအပိုင်းတွေမှာပါဝင်ပူးပေါင်းနေဆဲပါပဲ၊ဥပမာ ထောက်ပို့၊ သတင်းပေး နယ်မြေလမ်းပြလုပ်တာပါ၊” လို့ ပြောပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ် အလက(၂)တောင်ပေါ်ရပ်လမ်းဆုံမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်က အနည်းဆုံး ၈ဦးသေဆုံးကာ ၉ဦးလောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး
ဓာတ်ပုံ-ပုံဟောင်း
Phar Si Than(People’s Radio Myanmar)