
ဇန်နဝါရီလ ၂၂ရက်၊ ၂၀၂၄ ခုနှစ်
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ ဒေသခံ ပြည်သူနေအိမ် ၅၀ ကျော် ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားနေတာ ၁ လကျော်ကြာပြီဖြစ်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ စစ်တပ်သတင်းပေးသူတွေက ဒေသခံနေအိမ်တွေကို မကြာခဏ မီးရှိူ့ဖျက်စီးနေတာဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၃ နာရီလောက်တုန်းကလည်း ကော့ကရိတ်မြို့၊ အမှတ် ၅ ရပ်ကွက်၊ ရတနာလမ်း၊ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်တဲ့ရပ်ကွက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတာကြောင့် မီးငြိမ်းသတ်နိုင်တာမရှိဘဲ နေအိမ်အလုံး ၅၀ ကျော် မီးလောင်ပျက်စီးခဲ့ကာ ညနေ ၆ နာရီကျော်မှ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မီးကတော့ ရှို့မီးပါ၊ ရတနာလမ်းကနေစလောင်တာ၊ အဲ့ဒီကနေမှ မီးတွေကူးသွားပြီး အကြီးအကျယ်လောင်တာ၊ မီးငြိမ်းမဲ့လူတွေလည်းမရှိဘူး၊ မီးသတ်ကားလည်းမလာဘူး၊ အဲ့ဒါနဲ့ဘဲ ၅၀ ကျော်ပါသွားတယ်၊ပထမတော့ရှိတဲ့လူအင်အားနဲ့ ငြိမ်းကြတယ်၊နောက်တော့မနိုင်တော့ဘူး၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အရင်ကမီးလောင်တာမှာ တိုက်ပွဲတွေဖြစ်ပွားပြီးမှ လောင်တာဖြစ်ပေမဲ့ ဒီတစ်ခေါက်မီးလောင်တာမှာတိုက်ပွဲတွေဖြစ်ပွားတာတွေမရှိသလို စစ်တပ်ဘက်မှ လက်နက်ကြီးပစ်ခတ်တာတွေမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
” အရင်ကဆိုရင် မီးမလောင်ခင်တိုက်ပွဲ ဖြစ်တယ်၊ တိုက်ပွဲအကြီးကြီးမဟုတ်ရင်တောင် ပစ်တာတွေကြားရသေးတယ်၊ ဒီတစ်ခေါက်မီးလောင်တော့ တိုက်ပွဲလည်းမဖြစ်ဘူး၊ ညနေ ၆ နာရီကျော် မီးငြိမ်းသွားတော့လည်း တိုက်ပွဲတွေမရှိဘူး၊ မီးလောင်တာဘဲရှိတယ်၊” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
လတ်တလော ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေသလို စစ်တပ်ဘက်က တောင်ကြာအင်း၊မြောက်ကြာအင်း၊ကော့နွဲ့၊ချောင်းတောင်၊အံဖကြီး၊အံဖလေးနဲ့ အာရှလမ်းမဘက်တွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ဆက်ရှိနေတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
“မြောက်ပိုင်းမှာကတော့ တံတားကျိုးဂိတ်ကို သိမ်းပြီးထဲက ငြိမ်နေကြတယ်၊ ဒီကော့ကရိတ်နားက ကျေးရွာတွေနဲ့ အာရှလမ်းမဘက်တွေကို စစ်တပ်က လက်နက်ကြီးနဲ့နေ့တိုင်းပစ်ခတ်နေပါတယ်၊ မြို့ထဲမှာလည်း တိုက်ပွဲတွေက အကြီးအကျယ်မဖြစ်ပေမဲ့ ထိတွေ့တိုက်ပွဲတွေက နေ့တိုင်းနီးပါးဖြစ်နေပါတယ်၊” လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ရက်နေ့ကနေ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားတာမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်တာတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၂၀ ကျော်သေဆုံးခဲ့ကာ ဒေသခံ နှစ်သောင်းဝန်ကျင်ဟာ လက်ရှိအချိန်ထိ စစ်ဘေးလွတ်ရာ မြဝတီ၊ ဘားအံနဲ့ မော်လမြိုင်မြို့တွေကို စစ်ဘေးတိမ်းရှောင်နေရသလို နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးနေတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than(People’s Radio Myanmar)