
ဇန်နဝါရီလ ၁၉ရက်၊ ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ လက်ခတ်တောင်တပ်စခန်းကုန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ နေ့တိုင်းဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
စစ်တပ်လက်အောက်ခံ BGF တွေတပ်အထိုင်ချထားတဲ့ လက်ခတ်တောင်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင်လ ၂၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် လက်ခတ်တောင်ကို စစ်တပ်က မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လေ့ရှိပါတယ်။
ဇန်နဝါရီလ ၁၈ရက်နေ့ ည ၈ နာရီကျော်လောက်ကလည်း တိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲ လက်ခတ်တောင်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီးတွေနဲ့လည်း ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ မြဝတီမြို့ဒေသခံတွေဆီက သိရပါတယ်။
” တစ်လုံးပစ်ချတယ်၊ အိမ်တွေပါ ခါကုန်တယ်၊ ပစ်ချပြီးတော့ မပြန်သေးဘူး လေယာဥ်က ၅ မိနစ်လောက်ဝဲသေးတယ်၊ ပြီးတော့မှပြန်သွားတာ၊ ပြီးတော့ လက်နက်ကြီးတွေနဲ့လည်း ပစ်သေးတယ်၊ သေနတ်သံမကြားရဘူး၊ လက်နက်ကြီးသံဘဲ ကြားရတယ်၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ခတ်တောင်ကို ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ People’s Radio Myanmar အနေနဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက် ည ၁၀ နာရီ ၂၅ မိနစ်လောက်မှာလည်း သင်္ဃန်းညီနောင်ရဲစခန်းအနီးတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။
” ညတုန်းက ၈ နာရီကျော် လေယာဥ်လာဝဲပြီး ပစ်သွားတာ၊ ၁၀ နာရီခွဲလောက်ကျတော့ ညီနောင်ရဲစခန်းထဲမှာ ပစ်တဲ့အသံတွေကြားရတယ်၊ နာရီဝက်လောက် ပစ်ကြပြီးတော့ ပြန်ငြိမ်သွားတယ်၊” လို့ ရွာသစ်ကျေးရွာမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၁၉ရက်နေ့ နေ့လည်ပိုင်းမှာလည်း စစ်တပ်လက်အောက်ခံ ခမရ ၂၇၅ တပ်ရင်းကနေ လက်ခတ်တောင်ဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ မြဝတီမြို့ဒေသခံတွေဆီကသိရပါတယ်။
လက်ရှိအချိန် မြဝတီမြို့အနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေသလို စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် မဲကနယ်ကျေးရွာက ဒေသခံ ၅၀၀ ကျော်ဟာ တစ်လကျော်ကြာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than (People’s Radio Myanmar)