
ဇန်နဝါရီလ ၁၁ရက်နေ့၊ ၂၀၂၄ခုနှစ်
သရက်ချောင်းမြို့နယ်၊ ရငဲရွာမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်တာကြောင့် နေအိမ်တစ်ဆောင် မီးလောင်ပျက်စီးခဲ့တယ်လို့ ရငဲရွာဒေသခံတွေဆီကနေ သိရပါတယ်။
ဇန်နဝါရီလ ၁၀ရက်နေ့၊ မနက် ၉နာရီဝန်းကျင်လောက်က ကမြိုင်ရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကနေ လက်နက်ကြီးတွေနဲ့ ရငဲရွာဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ရငဲရွာရှိ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
“ လက်နက်ကြီးထုတာက ငါးချက်လောက်ရှိတယ်။ လက်နက်ငယ်တွေနဲ့လည်း ရမ်းပစ်သေးတယ်။ တချက်ကတော့ အိမ်ကို ထိပြီး မီးလောင်သွားတာ” လို့သူက အခုလိုပြောပါတယ်။
လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရငဲရွာက ပျဉ်ထောင်အိမ်တစ်ဆောင် မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်မှာ လူမရှိတာကြောင့် အရပ်သားထိခိုက်မှုတော့မရှိခဲ့ဘူးလို သိရပါတယ်။
ရငဲရွာက အမျိုးသမီးတစ်ဦးက “ လက်နက်ကြီးကျတဲ့ အိမ်မှာ လူမရှိလို့ တော်သေးတယ်။ မီးကိုတော့ ရွာထဲမှာ ရှိနေတဲ့လူတွေဘဲ့ ငြိမ်းလိုက်ကြတယ်” လို့ ပြောပြပါတယ်။
အခုလက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေက အင်အား ၅၀ ဝန်းကျင်နဲ့ ကမြိုင်နဲ့ ဝဲရစ်ရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် အဲ့ဒီရွာတွေက ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
ရငဲရွာရှိ မြွေတောင်ပေါ်မှာ စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်၊ မေလကတည်းက တပ်စွဲနေထိုင်ပြီး ရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ရွာလုံးကျွတ် စစ်ဘေးရှောင်နေရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)