သပြေရှောင်ကျေးရွာမှာ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ပြီး အမျိုးသားတစ်ဦးကို သေနတ်နဲ့ပစ်ခတ်

ဇန်နဝါရီလ ၄ရက်နေ့၊ ၂၀၂၃ခုနှစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ သပြေရှောင်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့  စစ်ကောင်စီတပ်သားတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦးကိုလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သပြေရှောင်ရွာ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီလ ၃ရက်နေ့၊ မနက် ၈နာရီဝန်းကျင်လောက်မှာ အင်အား ၁၀၀လောက်နဲ့ သပြေရှောင်ကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး မနက် ၉နာရီလောက်မှာတော့ အဲဒီကျေးရွာအုပ်စုထဲက ဟင်းချိုတောရွာရှိ နေအိမ်တစ်ဆောင်ကို စတင် မီးရှိုခဲ့တယ်လို့ သပြေရှောင်ရွာရှိ လုံခြုံရေးအရ အမည်မဖော်လို တဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ ရွာထဲကို လက်နက်ငယ်တွေနဲ့ ၄ချက်၊၅ချက်လောက် ပစ်ဖောက်ပြီးဝင်လာတယ်။ပြီးမှ ဟင်းချိုတောသင်္ချိုင်းနားက ဆေးဆိုင်ကို အရင်ရှို့တာပါ။ လူတွေကိုလည်း ဖမ်းတယ်။ တချို့ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်”လို့ သူက အခုလိုပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်သားတွေက ညနေ၃နာရီဝန်းကျင်လောက်မှာ ဟင်းချိုတောရွာနဲ့ ရင်ထဲရွာက နေအိမ် ၁၀ ကျော်လောက်ကို ထပ်မံမီးရှို့ခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းဝင်လာလို့ ထွက်ပြေးခဲ့တဲ့ သပြေရှောင်ရွာ ဒေသခံတွေကို စစ်ကောင်စီတပ်တွေက သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် အမျိုးသားတစ်ဦး လက်မောင်းမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သပြေရှောင်ရွာရှိ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

“ ထိသွားတဲ့ တစ်ယောက်က ဆေးကုသခွင့် ရလား၊ မရဘူးလားဆိုတာတော့ မသိရဘူး။ သပြောရှောင်တိုက်ကျောင်းမှာတော့ ရွာသားတွေရဲ့ ဆိုင်ကယ်တွေ၊ ပိုက်ဆံတွေနဲ့ ပစ္စည်းတွေကိုလည်း မီးရှို့လိုက်တယ်။ လုံခြုံမယ်ထင်လို့ သွားထားကြတာပေါ့” လို့သူ ပြောပါတယ်။

အခုလို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် လောင်းလုံမြို့နယ်ထဲက သပြေရှောင်ရွာ၊ စစ်ပြဲရွာ၊ တောကျဲရွာ၊ ကြက်ယက်တွင်းရွာ၊ ရင်ထဲရွာ၊ ဟင်းချိုတောရွာစတဲ့ ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အခုလက်ရှိမှာတော့ အဲ့ဒီစစ်ကောင်စီတပ်သားတွေက စစ်ကြောင်းနှစ်ကြောင်းခွဲပြီး သပြေရှောင်ရွာနဲ့ တောကျဲကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ဒေသခံတွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- CJ

Phar Si Than (People’s  Radio Myanmar)