ဘားအံမြို့မှာ စစ်ကောင်စီတပ်ဦးဆောင်ပြီး (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားပြုလုပ်

ဇန်နဝါရီလ ၄ရက်၊ ၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပေါ်နေပေမဲ့ ဘားအံမြို့မှာတော့ စစ်ကောင်စီတပ်က ဦးဆောင်ပြီး ၇၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကိုကျင်းပ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၂ရက်နေ့လောက်ကစပြီး ဘားအံမြို့ ကရင်ပြည်နယ်ကွင်းထဲမှာ စစ်တပ်ကဦးဆောင်ပြီး ၇၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့အတွက် လောင်းကစားဝိုင်းတွေနဲ့ စတိတ်ရှိုးပွဲတွေကို ထည့်သွင်းကျင်းပ နေကြတယ်လို့ ဘားအံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

“ လွန်ခဲ့တဲ့ ၂ရက်ထဲက ပွဲတွေလုပ်နေကြတာ၊ သီချင်းသံတွေလည်း အကျယ်ကြီးကြားရတယ်၊ ရှိုးပွဲတွေကော လောင်းကစားဝိုင်းတွေကောပါတယ်၊ ပွဲကို အကြီးအကျယ်လုပ်နေကြတာ၊” လို့ ဘားအံမြို့ဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၁ရက်နေ့ကလည်း စစ်တပ်ကဦးဆောင်ပြီး ၇၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့အတွက် ဇွဲကပင်တောင်တက်၊ တောင်ဆင်းပွဲကို ပြုလုပ်ကျင်းပခဲ့သေးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လက်ရှိအချိန် ကရင်ပြည်နယ်ထဲက ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့တွေဘက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေသလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကော့ကရိတ်မြို့ကနေ စစ်ဘေးရှောင်လာတဲ့ ဒေသခံတွေဟာ ဘားအံမြို့မှာ လာရောက် နေထိုင်နေကြတာကြောင့် အခုလို ပျော်ပွဲရွှင်ပွဲအကြီးအကျယ်ကျင်းပတာမျိုး မပြုလုပ်သင့်ဘူးလို့ ဘားအံမြို့ဒေသခံတွေက ဆိုပါတယ်။

ဘားအံမြို့ဒေသခံတစ်ဦးက“ ဒီညလည်း ပွဲကရှိသေးတယ်၊ မင်းအောင်လှိုင်စမွှေးတဲ့မီးက အခုတစ်နိုင်ငံလုံးလောင်ကျွမ်းနေပြီး၊ ဘားအံမှာလည်း စစ်ဘေးရှောင်တွေ အများကြီးရှိတယ်၊ ကော့ကရိတ်တို့ ကျုံဒိုးတို့ဘက်ကလူတွေ ဘားအံမှာရှိနေတယ်၊ အဲ့လိုပွဲတွေမလုပ်သင့်ဘူး၊” လို့ပြောပါတယ်။

ဘားအံမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ ၃လအတွင်း လုံခြုံရေးအကြောင်းပြချက်နဲ့ ဒေသခံလူငယ် ၅၀ ကျော် ဖမ်းဆီးခံခဲ့ရတာမှာ အယောက် ၃၀ နီးပါး လက်ရှိအချိန်ထိ အဆက်သွယ်မရသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ဘားအံမြို့မှာ ၇၅ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အားကစားပွဲတွေ ပျော်ပွဲရွှင်ပွဲတွေနဲ့ ပြုလုပ်ကျင်းပခဲ့တာကြောင့် ဒေသခံတွေရဲ့ ဝေဖန်ပြောဆိုတာမျိုး ရှိခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း- ကိုဖြိုး

ဓာတ်ပုံ-ပုံဟောင်း

Phar Si Than(People’s Radio Myanmar)