
ဒီဇင်ဘာလ ၂၃ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာစစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာ ရက် ၂၀ ကျော်ရှိနေပြီး စစ်တပ်ဘက်က ကော့နွဲ့၊ တောင်ကြာအင်း၊မြောက်ကြာအင်း၊ အံဖကြီးနဲ့ အံဖလေးကျေးရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်နေတာပါ။
ဒီဇင်ဘာလ ၂၂ရက်နေ့ ည၆နာရီလောက်ကလည်း ဝင်းကြီးရပ်ကွက်နဲ့ ချောင်းတောင်ရပ်ကွက်တွေဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ရဲ့ ခလရ ၉၇ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။
“ မနက်ပိုင်းကတော့ငြိမ်နေတယ်၊ ညနေတိုင်းက ပုံမှန်ဘဲပစ်ကြတယ်၊ တိုက်ပွဲတွေဖြစ်တာပေါ့၊ ၉၇ ကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တယ်၊ ၉ နာရီကျော်တဲ့အထိ ပစ်ပြီးမှ ငြိမ်သွားတယ်၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီကျော်လောက်ကလည်း ကော့ကရိတ်မြို့အနီး တိုက်ပွဲဖြစ်ပွားတာမှာ စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀၀ ဝန်းကျင်ရှိတဲ့ ခရင်းဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်တာတွေမရှိဘူးလို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးဆီက သိရပါတယ်။
သူက “ ၂၁ ရက်နေ့ကတောင် ခရင်းဘုန်းကြီးကျောင်းထဲကို လက်နက်ကြီး ၃ လုံးကျတာ၊ နှစ်လုံးက ကွဲတယ်၊ တစ်လုံးကမကွဲဘူး၊ လူအထိခိုက်မရှိပါဘူး၊ အရင်ကတော့ အဲ့ဒီမှာ စစ်ရှောင် ၁၀၀ လောက်ရှိတာ၊ အခုမရှိတော့ဘူး၊ မြို့ထဲမှာလည်း လူမရှိတော့ဘူး၊” လို့ ပြောပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေသလို စစ်တပ်ဘက်ကနေလည်း ဒေသခံပြည်သူနေအိမ်တွေပေါ်မှာ တပ်စွဲနေထိုင်တာတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ရက်နေ့ကနေ ၂၀ ရက်နေ့အထိတိုက်ပွဲအတွင်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၂၂ ဦးသေဆုံးကာ ဝင်းကြီး၊တံတားဦးနဲ့ ချောင်းတောင်ရပ်ကွက်တွေအပါအဝင် တောင်ကြာအင်းနဲ့ မြောက်ကြာအင်းကျေးရွာတွေဘက်က နေအိမ် ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း- ကိုဖြိုး ဓာတ်ပုံ-ပုံဟောင်း Phar Si Than(People’s Radio Myanmar)