ချောင်းနှစ်ခွကျေးရွာအတွင်း နေအိမ်မီးလောင်တာတွေဆက်ရှိနေ

ဒီဇင်ဘာလ ၂၀ရက်၊ ၂၀၂၃ခုနှစ်

 

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအတွင်းမှာ နေအိမ်တွေ ဆက်လက် မီးလောင်တာတွေလည်းရှိနေသလို တိုက်ပွဲငယ်ဖြစ်ပွားတာတွေလည်း ဆက်ရှိနေတယ်လို့ ဒေသခံတွေနဲ့ KNLAပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရသိရပါတယ်။

ဒီနေ့ဒီဇင်ဘာလ ၂၀ရက်နေ့မှာတော့ နှစ်ဖက်အခြေအနေတွေငြိမ်သက်နေပေမဲ့ ကျန်ရှေ့ရက်တွေမှာတော့ စစ်တပ်တွေအထိုင်ချထားတဲ့ တောင်ကလေးစခန်းနဲ့ မုဒုံအမြှောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ချောင်းနှစ်ခွကျေးရွာအတွင်းပစ်ခတ်တာကြောင့် ချောင်းနှစ်ခွစခန်းအနီးက နေအိမ်တွေဆက်လက်မီးလောင်နေပြီး ရွာထဲဝင်လို့မရတာကြောင့် အရေအတွက်ကိုတော့ မသိရဘူးလို့ ကျေးရွာသားတစ်ဦးပြောပါတယ်။

“အခြေအနေကတော့ တစ်ချက်တစ်ချက်အသံထွက်နေတယ် ပြင်းထန်တာတော့မရှိဘူး စခန်နားကတော့ ဆက်လောင်တယ် လောင်တာကတော့ ၂ရက်ဆက်တိုက်လောင်တယ် စခန်းနားကအပိုင်းက ဘယ်လောက်လောင်လည်းဆိုတာကိုတော့စစ်မြေပြင်အရဘယ်သူ မှဝင်မရဘူးကြားတာကတော့ ၁၅နဲ့၁၆က”လို့ သူကပြောပါတယ်။

အခုလိုစစ်တပ်က ချောင်းနှစ်ခွကျေးရွာအတွင်းကိုလက်နက်ကြီးတွေနဲ့ အမြဲလိုလိုပစ် ခတ်နေကြောင့် ကျေးရွာအတွင်းကဈေးပိုင်းနဲ့ဘုန်းကြီးကျောင်းအရှေ့ပိုင်းမှာရှိတဲ့ နေအိမ်တွေမှာ အကုန်လုံးမီးလောင်ပျက်စီးခဲ့သွားတယ်လို့ တိုက်ပွဲငယ်ဖြစ်ပွားတာတွေလည်းရှိတယ်လို့ KNLAသတင်းအရင်းအမြစ်တစ်ဦးကဆိုပါတယ်။

“သူတို့ကလက်နက်ကြီးတွေနဲ့ခဏခဏထုချတော့အိမ်တွေလည်းမီးလောင်တယ်ဘုန်းကြီးကျောင်းကအိမ်တွေလည်း တစ်တန်းလုံးပါတယ် ဈေးဘက်ကဈေးတွေဆိုလည်းအဲ့လို ပဲမီးတွေလောင်သွားတယ် ဆုံးရှုံးမှုတွေကတော့အများကြီးပဲတစ်ချို့ဟာတွေဆိုရင် အဖက်တောင်ဆယ်လို့မရတော့ဘူး တိုက်ပွဲဖြစ်တာတော့ရှိတာပေါ့ ကြည့်ရတာအိမ်ကတော့ ၂၀ ေလာက်ပေါ့ တော်တော်များတယ် အခုလောလောဆယ်တော့ဘာမှမဖြစ်ဘူး”လို့သူကပြောပါတယ်။

ကျိုက်မရောမြို့က ချောင်းနှစ်ခွကျေးရွာမှာ စစ်တပ်နဲ့ KNLAပူး ပေါင်းတပ်ဖွဲ့တို့ မကြာခဏ နှစ်တွေ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်တပ်ဘက်ကလည်းသေဆုံးမှုတွေရှိသလို ပြီးခဲ့တဲ့ဒီဇင်ဘာလ၈ရက်နေ့နှစ်ဖက်တိုက်ပွဲအတွင်း မှာလည်းKNLAပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ပါသေးတယ်။

ချောင်းနှစ်ခွကျေးရွာအတွင်းတိုက်ပွဲဖြစ်ပွားနေတာမှာ တစ်လကျော်ကြာမြင့်နေပြီး တိုက်ပွဲဖြစ်ပွားတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊လေယာဉ်နဲ့ဗုံးကြဲတာတွေကြောင့် ချောင်းနှစ်ခွကျေးရွာက နေအိမ်၄၀ဝန်းကျင်လောက်မီးလောင်ကာ ပေါလောရွာနဲ့ မိကသစ်ကျေးရွာကဦးဇင်းတစ်ပါးနဲ့ ကလေး၂ဦးသေဆုံးပြီး ဒေသခံ၄၀၀၀ကျော်ဟာ စစ်ဘေးဆက်လက်တိမ်းရှောင်နေရတယ်လို့ အရပ်ဖက်လူမှုကူးညီပေးနေသူတွေရဲ့ ပြောပြချက်အရသိရပါတယ်။

 

သတင်း – နော်ဖူးဖူး

ပုံ – ပုံဟောင်း

Phar Si Than(People’s Radio Myanmar)