တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ပြီး နွားသုံးကောင်သေဆုံး

ဒီဇင်ဘာလ ၁၂ရက်နေ့၊ ၂၀၂၃ခုနစ်

 

မြိတ်ခရိုင်၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို နွားသုံးကောင်လည်း ထိခိုက်သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ်‌ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၉ရက်နေ့က ရေဖြူကျေးရွာရှိ ကမ္ဘာဇဆီအုန်းကုမ္ပဏီအရှေ့မှာ ခရီးသွားတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်ပစ်ခတ်ခဲ့တယ်လို့ SBAစစ်ကြောင်းရဲ့ ပြန်ကြားရေးအရာရှိ ကိုစိုင်းညီကဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုအပြီး ဒီဇင်ဘာလ ၉ရက်နေ့၊ နေ့လည် ၁၂နာရီလောက်ကနေ ညအချိန်အထိ စစ်ကောင်စီတပ်တွေရဲ့ ရေဖြူဗျူဟာကုန်းနဲ့ ကမလိုင်းရွာအခြေစိုက် ခမရ (၅၅၈) တပ်ရင်းတွေကနေ ရေဖြူကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ရေဖြူမြို့နယ်က အသက် ၄၅နှစ်အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့တယ်လို့ ရေဖြူကျေးရွာရှိ ဒေသခံတစ်ဦးကပြောပါတယ်။

“ လက်နက်ကြီးက သူ့အိမ်ကိုလာကျတာပါ။ ဖြစ်တာက ညနေပိုင်းလောက်မှာ။ ပစ်နေတာကတော့ နေ့လည် ၁၂နာရီနောက်ပိုင်းကနေ ပစ်တာ ညအချိန်အထိဘဲ” လို့သူကအခုလိုပြောပါတယ်။

အဆိုပါ အမျိုးသမီးက ဘယ်ဘက်လက်ဖျံမှာ လက်နက်ကြီးကျည်စထိမှန်ပြီး အခုလက်ရှိမှာတော့ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရေဖြူကျေးရွာထဲက နေအိမ်နှစ်လုံးထိခိုက်ပျက်စီးပြီး ချောင်းနှစ်ပေါက်ရွာမှာတော့  ကျပ် ၈သိန်းကနေ ကျပ်၁၀သိန်းအထိ တန်ဖိုးရှိတဲ့ နွားသုံးကောင်လည်း သေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ်ရှိ‌ဒေသခံက ဆက်ပြောပါတယ်။

“ လက်နက်ကြီးထိတဲ့သူက အနာပြန်ကောင်းသွားရင်တောင်မှ ပုံမှန်လိုပြန်ဖြစ်တော့မှာ မဟုတ်လောက်ဘူး။ အကြောတွေထိသွားတယ်။ ပြီးတော့ရွာမှာက အိမ်က နှစ်ဆောင်ထိတယ်။ ချောင်းနှစ်ပေါက်မှာလည်း နွားသုံးကောင်သေတယ်။ ထိခိုက်ဆုံးရှုံးမှုကများတယ်” လို့သူကပြောပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် တနင်္သာရီမြို့နယ်ထဲရှိ ရွာတွေဖြစ်တဲ့ ရေဖြူကျေးရွာ၊ ရှမ်းအင်းတော်ရွာ၊ ထုံခါရွာ စတဲ့ရွာတွေက ဒေသခံတွေ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ SBA စစ်ကြောင်းရဲ့ ပြန်ကြားရေးအရာရှိ ကိုစိုင်းညီက ပြောပြပါတယ်။

စစ်ကောင်စီတပ် အာဏာသိမ်းတဲ့အချိန်ကစပြီး စစ်တပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် တနင်္သာရီမြို့နယ်အတွင်း လက်နက်ကြီးကျည်ထိမှန်တာကြောင့် ထိခိုက်သေဆုံးသူ ၁၀၀ကျော်ရှိတယ်လို့ တနင်္သာရီမြို့နယ်ရှိ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်- နော်အယ်နီး

ပုံ- CJ

Phar Si Than (People’s Radio Myanmar)