
ဒီဇင်ဘာလ ၈ရက် ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာမှာ မြို့နယ်လျှပ်စစ်ရုံးထဲကျရောက်ပေါက်ကွဲတာကြောင့် မီးလောင်ပျက်စီးတယ်လို မြို့ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့ကနေစပြီး စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဖက်ထိတွေ့တိုက်ပွဲ နေ့တိုင်းဖြစ်နေတာမှာ စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်လုပ်နေပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာ မြို့တွင်းက ဝင်းကြီး၊ချောင်းတောင်နဲ့ တံတားဦးရပ်ကွက်ဘက်မှာ တိုက်ပွဲဖြစ်နေပြီး မနက် ၉ နာရီကျော်လောက်မှာစစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးကြောင့်မြို့ နယ်လျှပ်စစ်ရုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” အခု စစ်တပ်ကစစ်ကြောင်းထိုးနေတယ်၊ တိုက်ပွဲသံတွေကတော့ ခနငြိမ်သွားတယ်၊ EPC ရုံး(မြို့မယ်လျှပ်စစ်ရုံး)က လက်နက်ကြီးကျပြီးမီးလောင်တာ၊ ၉ နာရီကျော်လောက်က၊ အခုတော့ ငြိမ်းသွားပြီး၊ လောလောဆယ်တော့ တိုက်ပွဲသံတွေ ငြိမ်နေတယ်၊” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒေသခံ ၁၇၀၀၀ ကျော်ဟာ ဘေးလွတ်ရာ မြဝတီ၊ကော့ကရိတ်နဲ့ မော်လမြိုင်မြို့တွေကို ထွက်ပြေးတိမ်းရှောင်နေရသလို မြို့ထဲမှာလည်း စစ်တပ်က အရပ်သားနေအိမ်တွေထဲမှာ ခိုအောင်းပြီးပစ်ခတ်တာတွေရှိနေတယ်လို့ ထွက်ပြေးတိမ်းရှောင်ရသူ မြို့ခံတစ်ဦးက ပြောပါတယ်။
” အခုမြို့ထဲမှာ စစ်ကြောင်းထိုးနေလို့ ထွက်လာမဲ့သူတွေ ပိတ်မိနေတယ်၊ ကျွန်တော်တို့လည်း သေမှာကြောက်လို့ရှောင်လာတာ၊ အခုက ကော့ကရိတ်ကငြိမ်နေတယ်၊ ပြန်သွားလို့တော့မရသေးဘူး၊ မြို့ထဲမှာလည်း ပိတ်မိတာတွေရှိနေတယ်၊ စစ်ကြောင်းထိုးနေတော့ မထွက်လာရဲကြဘူး၊” လို့ မြို့ကနေထွက်ပြေးတိမ်းရှောင်ရသူတစ်ဦးက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဒီဇင်ဘာလ ၁ရက်နေ့ကနေ ၇ ရက်နေ့အထိတိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံ ရပ်ကွက်သားနဲ့ကျေးရွာသားတွေ အယောက်၂၀ ကျော်သေဆုံးခဲ့သလို ၃၀ ဝန်းကျင်ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအရပ်ဖက်လူမှုကူညီရေးလုပ်ဆောင်နေသူတွေ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than(People’s Radio Myanmar)