
ဒီဇင်ဘာလ ၇ရက်၊ ၂၀၂၃ခုနှစ်
ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၊မုန်းမြို့မှာ စစ်ကောင်စီတပ်နဲ့ နယ်မြေခံတော်လှန်ရေးအင် အားစုတို့ နှစ်ဖက်ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း (၅၉၀)၊ (၅၉၉)နဲ့ မုန်းမြို့မရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၂ရက်နေ့ ည၁၁နာရီဝန်းကျင်အချိန်ကနေ ဒီဇင်ဘာလ၄ရက်နေ့ ညနေ၅နာရီဝန်း ကျင်လောက်ထိကို မုန်းမြို့မှာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ခမရ (၅၉၀)မှာဝင်ရောက် တပ်စွဲနေတဲ့ ခလရ−(၈၄) ကဗိုလ်မှူးတစ်ဦးအပါအဝင်စစ်ကောင်စီတပ်သား (၁၉)ဦးအလင်းဝင် ရောက်လာကာတပ်မိသားစုဝင် (၄၂)ဦးကိုလည်းစစ်သုံ့ပန်းဥပဒေအရထိန်းသိမ်းစောင့်ရှောက် ထားတယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းမှတာဝန်ရှိသူတစ်ဦ်းကပြောပါတယ်။
“မုန်းမြို့ကိုစပြီးတိုက်ခိုက်တာက ဒီဇင်ဘာလ၂ရက်နေ့ညကနေ၄ရက်နေ့ညနေထိကိုတိုက် ခိုက်ခဲ့တယ်အဲ့မှာရှိတဲ့ စခန်းမုန်းမြို့ပေါ်မှာရှိတဲ့ရဲစခန်း ခမရ (၅၉၉)တို့ ခမရ(၅၉၀) တပ်ရင်းတွေ ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်လက်နက်ချအညံ့ခံတာကတော့ခလရ(၈၄)ကနေပြီးတော့ စစ်ကောင်စီတပ်သား (၁၉)ဦးပါတယ် ဗိုလ်မှူးအဆင့်ပါတယ်ဗိုလ်ကြီးအဆင့်(၂)ယောက်ပါတယ်တပ်သားတွေ အစုံပါတယ်လက်နက်ချအညံ့ခံတဲ့တပ်ဝင်းထဲမှာရှိတဲ့ တပ်မိသားစုဝင် (၄၂)ဦးကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့”သူကပြောပါတယ်။
ဒါ့အပြင်မုန်းမြို့နယ်အတွင်းမှာလည်းဖုန်းလိုင်း၊အင်တာနက်လိုင်းတွေဖျက်တောက်ထားသလို စစ်ကောင်စတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ထိခိုက်တာမျိုးတွေရှိပေမဲ့ အတိအကျမသိရှိရသေးဘူးလို့ မုန်းမြို့မှာပြောင်းရွှေ့နေထိုင်သူအ မျိုးသားတစ်ဦးကပြောပါတယ်။
“အခုကတော့တိုက်ပွဲပေါ့ မနေနိုင်တဲ့ သူတွေကတော့ပြေးကြတာပေါ့ တောင်းငူဘက်တွေ လည်းပြေးတဲ့သူကပြေးတာပေါ့ အခုဆိုလိုင်တွေလည်းဖြတ်ထားတော့ပိုဆိုးတာပေါ့ အခုလိုတိုက်ပွဲတွေတော့ထိခိုက်ပျက်စီးတာတွေလည်းရှိတာပေါ့ ရွာထဲကသူတွေဆိုရင် လည်းရွာအကုန်လုံးရွာပြင်မှာပဲပုန်းပြီးနေနေကြတာ”လို့ သူကပြောပါတယ်။
အခုလိုနှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတဲ့အချိန်မှာလည်း စစ်ကောင်စီတပ်က ဒေသခံပြည်သူနေထိုင်တဲ့ ကျေးရွာတွေဘက်ကို ဟောင်ဝစ်ဇာတွေနဲ့ ကင်းထောက်ဒရုန်းတွေနဲ့ပါ နေရာအနှံ့အပြားကို ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း၊မုန်းမြို့အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားတာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရော လေယာဉ်တွေနဲ့ပါမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်နေတာကြောင့် ကျေးရွာပေါင်း(၈၅)ရွာက ပြည်သူပေါင်း (၆၈၀၀၀)လောက်ထွက် ပြေးတိမ်းရှောင်နေကြရပြီး ဒေသခံ၆ဦးလောက်ထိခိုက် ဒဏ်ရာရှိထားတယ်လို့ ကရင်အမျိုးအသားအစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – တော်ဝင်ဒေါင်းစစ်ကြောင်း
Phar Si Than(People’s Radio Myanmar)