ပုလောမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်

နိုဝင်ဘာလ ၂၄ရက်နေ့၊ ၂၀၂၃ခုနှစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ချုပ်ရေးမှူးရုံးကို ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ PRDFရဲ့ ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။

နိုဝင်ဘာလ ၂၂ရက်နေ့၊ ည‌ ၉နာရီလောက်မှာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းနဲ့ ဗုံးသီးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေဘက်က လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ PRDFရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

“ ကျနော်တို့ဘက်က လမ်းသွားလမ်းလာ ပြည်သူတွေမရှိတဲ့ အချိန်ကို ရွေးချယ်ပြီးတိုက်ခိုက်တာဖြစ်တယ်။ စစ်သားတွေက ပေါက်ကွဲသံဘဲကြားရတယ်။ ဘယ်ကနေ ဗုံးသီးလာတယ်ဆိုတာကို မသိရဘူး။ မြို့ထဲမှာ ရှိတဲ့ စစ်သားတွေက ရမ်းပစ်တာ” လို့သူကအခုလို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မြေပြင်အခြေအနေအရ အတိအကျ မသိရှိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

အခုလို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်က ပုလောမြို့နယ်ရှိ စစ်ကောင်စီတပ်သားတွေကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အချိန်မရွေးသွားရောက် တိုက်ခိုက်လို့ရတယ်ဆိုတာကို သတိပေးလိုက်တာဖြစ်တယ်လို့ PRDFရဲ့ တာဝန်ရှိသူက ပြောပါတယ်။

နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်သားတွေက ပုလောမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မီးသတ်ရုံး၊ ပုလောတံတားဂိတ်၊ ဘုရားတွေနဲ့ ဘောလုံးကွင်းတွေမှာ အင်အားအလုံးအရင်းနဲ့ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ပုလောမြို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပုလောမြို့နယ်ရှိ ဒေသခံတစ်ဦးက “ တပတ်လောက်ဘဲရှိသေးတယ်။ ပုလောမြို့နယ်ထဲ လုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားတာ။ အထက်ဘက်မှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီးကြောက်လို့ဖြစ်မယ်။ ဒေသခံတွေကိုတော့ ဖမ်းလိုက် စစ်မေးလိုက်တော့ လုပ်နေတာဘဲ” လို့သူကအခုလိုပြောပါတယ်။

ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခံရပြီးနောက် ပုလောမြို့ရှိ ခလရ (၂၈၅)တပ်ရင်းကနေ ကျောင်းနိမ့်ရွာနဲ့ ပဝတ်ကုန်းရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲတဲ့ ၂၀၂၂ခုနစ်၊ မတ်လ ၂၃ရက်နေ့က ပုလောမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို PPDFနဲ့ PRDFတို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် Non-CDM ဝန်ထမ်းနှစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ ဒေသတော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း – နော်အယ်နီး

ပုံ – PRDF

Phar Si Than (People’s Radio Myanmar)