
နိုင်ဝင်ဘာလ ၃ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာရှိတဲ့ ခလရ (၉၇) တပ်ရင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာမှာ လမ်းပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂) ရက်နေ့ ည(၇)နာရီလောက်က စစ်ကောင်စီတပ်လက်အောက်ခံ ခလရ (၉၇) ကို အမည်မသိအဖွဲ့တစ်ခုက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာပါ။
အခုလို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာမှာ လမ်းပေါ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် (၈၅) နှစ်အရွယ် ဒေါ်ငွေသန်းနဲ့ အသက် (၄၀) အရွယ် ဒေါ်ငွေသန်းတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
” မနေ့ညက ဒရုန်းတွေကော လက်နက်ကြီးတွေကော ပစ်တာ၊ ဘယ်အဖွဲ့က ပစ်လဲတော့မသိဘူး၊ တစ်လုံးကတော့ အမှတ် (၂) ထဲကျပြီး လူထိသွားတာ၊ မစိုးရိမ်ရပါဘူး၊ တစ်ယောက်က ဗိုက်နားမှာထိသွားတယ်၊ တစ်ယောက်ကတော့ ပေါင်နားမှာ ထိသွားတယ်၊ အခုတော့ ဆေးရုံမှာ ဆေးကုသနေပါတယ်၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို ဗုံးသီးချတိုက်ခိုက်တာနဲ့ ပတ်သတ်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကို ကျွန်တော်တို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါ။
လက်ရှိအချိန် ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ တိုက်ပွဲတွေ အချိန်မရွေး ပြန်လည်ဖြစ်ပွားလာနိုင်တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
” လက်ရှိအချိန်မှာ ကျွန်တော်တို့တွေ စစ်ဆင်ရေးအရှိမြင့်ဖို့အတွက် အနားကပ်ထားတာတွေ အကုန်ရှိပါတယ်၊ ကျွန်တော်တို့ အမြန်ဆုံးနဲ့ အကောင်းဆုံး စစ်ဆင်ရေးအရှိန်မြင့်တင်ဖို့အတွက် ကျွန်တော်တို့ လက်နက်ခဲယမ်းတွေ လိုပါတယ်၊” လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် ကရင်ပြည်နယ်ထဲက ကော့ကရိတ်၊ကျုံဒိုး၊သံတောင်၊ ဘုရားသုံးဆူ၊ဖာပွန်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ စစ်ကောင်စီတပ်တပ်စွဲရာနေရာတွေ၊ စစ်ကောင်စီတပ်စစ်ကြောင်းတွေ မကြာခဏ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီတပ် လက်အောက်ခံဝန်ထမ်းသေဆုံးတာတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-PAN channel
Phar Si Than (People’s Radio Myanmar)