
နိုဝင်ဘာလ ၃ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် (၂)နှစ်ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ ပုလောစစ်ရှောင်အရေး ကူညီနေသူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက ပုလောမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်မီးရှို့တာ၊ ဖမ်းဆီးသတ်ဖြတ်တာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာ(၂၁)ရွာက ဒေသခံတွေက နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ပုလောမြို့နယ်ထဲက တိုရွာ၊ ကဒဲရွာ၊ ဘဝကုန်းရွာ၊ သင်္ကန်းတုံး စတဲ့ရွာတွေကတော့ အခုလက်ရှိအချိန်ထိ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရပြီး ကျန်တဲ့ရွာတွေကတော့ စစ်ကြောင်းမရှိတဲ့အချိန်မှာ နေအိမ်မှာ ပြန်လည်နေထိုင်ပြီး စစ်ကြောင်းဝင်ရောက်လာတဲ့ အချိန်မှာတော့ ပြန်လည်ထွက်ပြေးတိမ်းရှောင်ရတယ်လို့ ပုလောမြို့နယ်ရှိ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“ (၄)ရွာကတော့ လူလုံးဝမနေပါဘူး။ ရွာလုံးကျွတ်စစ်ရှောင်နေကြတယ်။ ကျန်တဲ့ရွာတွေက နေတဲ့သူတွေနေတယ်။ ဝင်လိုက်ထွက်လိုက်၊ သွားလိုက်လာလိုက်ပါဘဲ့။ အခြေအနေမကောင်းရင် ပြေးကြတယ်။ ငြိမ်နေတဲ့အချိန်ဆို ကိုယ့်အိမ်သွားပြီး ပြန်နေတာမျိုးပေါ့” လို့ သူကအခုလို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနစ်ကတည်းက ပုလောမြို့နယ်ကို စစ်ကောင်စီတပ်က ဆန်အပါအဝင် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးသယ်ယူခွင့်ကို ပိတ်ဆို့ထားတာကြောင့် သယ်ယူရခက်ခဲလာပြီး ဈေးနှုန်းတွေမြင့်တက်လာတယ်လို့ စစ်ရှောင်အရေးကူညီနေသူ တစ်ဦးကပြောပါတယ်။
“ ပိတ်တာတော့ သူတို့အလုပ်ပေါ့။ ကျနော်တို့ကတော့ ပိတ်တဲ့ကြားကနေ ရအောင်သယ်ရတာပါဘဲ့။ တခါတလေ လွယ်လွယ်ကူကူနဲ့ ရတာမျိုးရှိတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းကဆိုရင် လုံးဝပြတ်လပ်သွားတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ရတယ်” လို့ သူကအခုလို ပြောပြပါတယ်။
အခုလက်ရှိမှာတော့ စစ်ရှောင်ဦးရေ (၃၀၀၀) ကျော်ရှိပြီး စစ်ရှောင်တွေအနေနဲ့ အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်နေသလို ဆောင်းတွင်းရာသီ ရောက်လာပြီဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ပုလောမြို့နယ်အတွင်း စစ်ရှောင်အရေးကူညီနေသူတစ်ဦးက “ စစ်ရှောင်စခန်းမှာတော့ (၂၅၀၀)ကျော်ရှိတယ်။ အကြောင်းမျိုးမျိုးကြောင့် တောတောင်တွေထဲ နေတဲ့သူတွေလည်း ရှိပါတယ်။ ဆောင်လည်းဝင်လာတော့ အဝတ်အစားတွေလည်း လိုအပ်တာပေါ့။ ကျမတို့ကတော့ တက်နိုင်သလောက် ကူပေးနေတယ်။ တချို့ကိစ္စတွေဆို တအားရုန်းရတယ်” လို့သူကဆိုပါတယ်။
ပုလောစစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနစ်က စစ်ရှောင်ဦးရေ (၁၈၀၀)ကျော်ရှိပြီး တိုက်ပွဲတွေ ဖြစ်များလာတာကြောင့် အခုလက်ရှိမှာတော့ စစ်ရှောင်ဦးရေ (၁၀၀၀)ကျော် တိုးလာတယ်လို့ ပုလောအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ သတင်းအရင်းအမြစ်တွေ အရသိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)