ကော့ကရိတ်မြို့ အနှံ့အပြားမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေ

အောက်တိုဘာလ ၂၇ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းက စတင်ပြီး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာပါ။

ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာလည်း ကော့ကရိတ်မြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ နဲ့ လှိုင်ဝအမြောက်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

” မနက် ၅ နာရီခွဲထဲက ပစ်နေတာ၊ ညကလည်း လက်နက်ကြီးတွေနဲ့ အာရှလမ်းမဘက်ကို ပစ်တယ်၊ အခုပစ်တဲ့ လက်နက်ကြီးကအရင်ကနဲ့မတူဘူး၊ ပစ်ထုတ်လိုက်တဲ့အသံက အိမ်ပါတုန်တယ်၊ ကျတဲ့အသံက ပိုတောင်တုန်သေးတယ်၊ ၉၇ ကနေ ဆက်တိုက်ပစ်နေတာ တစ်ချက်မှ မနားဘူး၊” လို့ သူကပြောပါတယ်။

အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိနေပြီး ဒေသခံ ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိနေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

” အခုက တောင်ပေါ်ကျောင်းနားကို ရောက်နေပြီး၊ တံတားဦးဘက်က အကိုတစ်ယောက်ပြောတာက သူတို့ရပ်ကွက်ထဲက ယောကျာ်းလေး နှစ်ယောက် ခြေထောက်တွေ ထိထားတယ်လို့ပြောတယ်၊ အခုထိကြားတာက ပြည်သူထိတာ ၁၀ ယောက်နီးပါးလောက်ရှိပြီး၊ အခုချိန်ထိ တိုက်ပွဲကမပြီးသေးဘူး၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ ကော့ကရိတ်မြို့ထဲမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေပေမဲ့ လေကြောင်းကနေ လာရောက်တိုက်ခိုက်တာတွေ မရှိသေးဘူးလို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

” ပွဲကတောက်လျှောက်ဖြစ်နေပေမဲ့ ပွဲကမပြီးသေးတော့ အထိအခိုက်စာရင်းတွေ အတိအကျတော့ပြောလို့မရသေးဘူးလေ၊ လေယာဥ်လာတာတော့ မရှိသေးဘူး၊” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ရက်နေ့ ကလည်း ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တာမှာ စစ်ကောင်စီတပ်ရဲ့ ၂၀၇ တပ်ရင်းက ဒုတိယတပ်ရင်းမှူးအပါအဝင် ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်ကနေ လေကြောင်းကနေ ၅ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-KHRG

Phar Si Than(People’s Radio Myanmar)