
စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်၊ ၆ မိုင်နဲ့ နန်းပရုတ်ရွာအနီး မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီ နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့၊ မနက် ၇ နာရီဝန်းကျင်လောက်မှာ ပုလောဘက်ကနေလာတဲ့ စစ်တပ် ယာဉ်တန်းအတွက် ၆ မိုင်အနီး ကင်းပုန်းလာဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရှေ့ထွက်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း (၁) ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
“သူတို့ ကင်းပုန်းလာဝပ်တာက ကျနော်တို့ဘက်က မိုင်းထောင်ထားတဲ့ နေရာမှာပါ။ ပစ်ခတ်မှု ဖြစ်နေတုန်း မိုင်းထောင်ထားတာကို သတိထားမိတော့ မိုင်းခွဲပြီး ချက်ချင်း ပြန်ဆုတ်လာခဲ့ပါတယ်” လို့ သူကပြောပါတယ်။
အဲ့ဒီ တိုက်ခိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ၃ ဦး သေဆုံးပြီး ၆ ဦးလောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တိုက်ခိုက်မှုအတွင်း ပါဝင်တဲ့ ရဲဘော်တစ်ဦးက ဆိုပါတယ်။
“ကင်းပုန်းဝပ်ပြီးပစ်တာဆိုတော့ မိုင်းထောင်ထားတဲ့ နေရာနဲ့ အနီးဆုံးမှာရှိတဲ့သူက သေတယ်။ တချို့ကတော့ ဒဏ်ရာရတယ်။ ကျနော်တို့ အတည်ပြုခဲ့တာတော့ တပ်တွင်း သတင်းအရင်းအမြစ်အရပါ။ ထိခိုက်ဒဏ်ရာရတာက ၆ဦးထက်လည်း ပိုချင်ပိုလိမ့်မယ်” လို့သူက ပြောပြပါတယ်။
အလားတူ စက်တင်ဘာလ ၂၈ ရက်နေ့၊ မနက် ၇ နာရီခွဲလောက်မှာ ပုလောမြို့ ခလရ (၂၈၅)တပ်ရင်းမှ ထွက်လာတဲ့ စစ်တပ်ကားကြီး ၃ စီးကို တိုက်ခိုက်ဖို့အတွက် ဒေသတော်လှန်ရေးတပ်တွေကို နန်းပရုတ်ရွာအနီး ကင်းပုန်းဝပ်နေတဲ့ စစ်သားအင်အား ၇၀ ဝန်းကျင်လောက်က လက်ဦးမှုရရှိပြီး ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်လောက် ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ရဲ့ တာဝန်ရှိသူက အခုလိုပြောပါတယ်။
“ယာဉ်တန်းကို မိုင်းဆွဲဖို့အသွား လမ်းကနေ ကြိုစောင့်ပြီး ပစ်ခံရတာပါ။ သူတို့ဘက်က လက်ဦးမှုရပြီ စပစ်ပါတယ်။ သူတို့က ဝိုင်းဖို့ကြိုးစားပေမယ့် ကျနော်တို့ဘက်က ရအောင် ထွက်လာနိုင်ခဲ့ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အဆိုပါပစ်ခတ်မှုအတွင်းမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီ ယာဉ်တန်းကတော့ နန်းပရုတ်ရွာဘက်ကို မရောက်လာ ခဲ့ဘူးလို့ ပုလောမြိုနယ်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“သူတို့ ပစ်ခတ်မှုအပြီး စစ်ကားတွေလာတောတော့ မတွေ့ရဘူး။ အမြဲတမ်းမိုင်းဆွဲခံရတော့ သိနေပြီလေ။ ခန့်မှန်းပြီး ကင်းပုန်းလာဝပ်တာနဲ့ PDFတွေ့နဲ့ ထိပ်တိုက်သွားတွေ့တာ” ပုလောမြို့နယ် ဒေသခံက ပြောပါတယ်။
ပုလောမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းတွေက မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာလည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသတော်လှန်ရေး တပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
အခုလက်ရှိမှာတော့ ပုလောမြို့နယ်အတွင်း နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ အရေးကြီးစာရွက်စာတမ်းနဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို သေချာထုပ်ပိုးဖို့နဲ့ စစ်ရေးသတိအမြဲရှိနေဖို့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ် တွေက သတိပေးထုတ်ပြန်ထားပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)