
စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ လိပ်သိုလ်မြို့၊ ထီးထာစော့ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၄ ဦးထိခိုကိဒဏ်ရာရရှိခဲ့တယ်လို့ လိပ်သိုလ်မြို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာရီမှာတစ်ကြိမ် နေ့လည် ၁ နာရီမှာ ၂ ကြိမ် စစ်ကောင်စီတပ်က ထီးထာစော့ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အခုလို ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၃၀ ကျော်အရွယ်ဒေသခံ ၁ သေဆုံးခဲ့ပြီး အသက် ၁၂ အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လိပ်သိုလ်မြို့ဒေသခံတွေက ဆိုပါတယ်။
“မနက် ၁၀ နာရီဝန်းကျင်တခါ ၁နာရီ ၂ခါ၊ တိုက်ပွဲမဖြစ်ပါဘူး၊ ဒီအတိုင်းလာကြဲတာပါ၊ ဒေသခံတစ်ဦး သေဆုံးတယ်၊ ၄ ဦးဒဏ်ရာရထဲ က ၁၂နှစ် ကလေးတယောက်ပါတယ်” လို့ လိပ်သိုလ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ထီးထာစော့ ကျေးရွာထဲက နေအိမ်တစ်ချို့ပျက်စီးခဲ့သလို့ ဒေသခံ ၂၀၀ ကျော်လောက်ဟာလည်း ဘေးလွတ်ရာ တောင်ယာတွေနဲ့ ဖာလာခြံတွေထဲမှာ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
“နေအိမ် ၅ လုံးလောက်ပျက်စီးတယ်၊ ရွာထဲကို မဝင်ရဲသေးဘူး၊ အခုဆိုရင် ရွာသားတွေက ဖာလာသီးစိုက်တဲ့အချိန်ဆိုတော့၊ အခုဘေးလွတ်ရာ တောင်ရာတွေနဲ့ ဖာလာခြံတွေမှာ တိမ်းရှောင် နေရတယ်” လို့ လိပ်သိုလ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က လိပ်သိုလ်မြို့နဲ့ သံတောင်မြို့ဘက်တွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သံတောင် ၇ မိုင်ဂိတ်၊ သံတောင်မြို့ ဘုရင့်နောင်ဂိတ်နဲ့ သံတောင်မြို့ ၁၃ မိုင်ဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် သံတောင်မြို့မြောက်ဘက်မှာရှိတဲ့ ဒေသခံ ၂၅၀ ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
ကရင်ပြည်နယ်၊ သံတောင်မြို့နဲ့ လိပ်သိုလ်မြို့ဘက်တွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် သြဂုတ်လကနေ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ဒေသခံ ၂ ဦးသေဆုံးကာ နေအိမ် ၁၀ လုံးကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)