မဲဆောက်မြို့က လူစည်ကားတဲ့နေရာတွေမှာ ခါးပိုက်နှိုက်ခံရတာတွေ တစ်နေ့တခြားပိုမိုများပြားလာ

စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က လူစည်းကားတဲ့နေရာတွေမှာ ခါးပိုက်နှိုက်ခံရတာတွေ တစ်နေ့တခြား ပိုမိုများပြားလာတယ်လို့ မဲဆောက်မြို့တွင်းအလုပ်လုပ်ကိုင်နေသူတွေထံမှသိရပါတယ်။

မဲဆောက်မြို့က လူစည်ကားတဲ့နေရာတွေမှာ သြဂုတ်လမှစတင်ကာ အခုလိုခါးပိုက်နှိုက်တာတွေ တစ်နေ့တခြားပိုမိုများပြားလာတာဖြစ်ပြီး အလုပ်ပိတ်ရက်၊ ရုံပိတ်ရက်တွေဖြစ်တဲ့ တနင်္ဂနွေနေ့မျိုးမှာ ပိုအဖြစ်များတယ်လို့ မဲဆောက်​ဈေးအတွင်း အလှကုန်ပစ္စည်းရောင်းနေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကိုယ့်အရှေ့မှာအဖြစ်များတာကတော့ဈေးမှာပါ တနင်္ဂနွေနေ့ဆို ဈေးမှာလူပိတ်တယ် တိုးမပေါက်ဘူး စက်ရုံသမားတွေနဲ့ တနင်္ဂနွေနေ့မှ လူအုံတဲ့နေရာတွေ လူစုတဲ့နေရာတွေဆို အိတ်ကို ဓားနဲ့ခွဲပြီး နှိုက်ပြီးတော့ နောက်ထပ်တစ်ယောက်ကိုပေး ပြီးတစ်ဆင့်တစ်ဆင့်ပေးလိုက်တာ” လို့ သူကပြောပါတယ်။

မဲဆောက်မြို့တွင်း အခုလိုခါးပိုက်နှိုက်တာတွေကို တစ်ဦးချင်းလုပ်ဆောင်နေကြတာမဟုတ်ပဲ အဖွဲ့လိုက်လုပ်ဆောင်နေကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

“အခုကစက်ရုံသမားတွေပုံအယောင်ဆောင်ပြီးလုပ်တာ ပြီးတော့အဘွားကြီးတွေယောင်္ကျားလေးတွေပေါ့ သူတို့ကိုမိရင်လည်း မိတဲ့လူတွေမှာမရှိဘူး တစ်ဆင့်တစ်ဆင့်ပေးလိုက်ကြတာဆိုတော့လေ” လို့ သူကပြောပါတယ်။

​စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း မဲဆောက်ဈေးအတွင်း ဈေးဝယ်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပိုက်ဆံအိတ်ခွဲခံရကာ ခါးပိုက်နှိုက်ခံခဲ့ရတာကြောင့် အဲ့ဒီအမျိုးသမီးရဲ့ ပက်စပို့(စ်)တွေပါသွားသလို ဒီနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ မနက်အစောပိုင်းအချိန်မှာလည်း ​ဈေးထဲက မုန့်ဟင်းခါးဆိုင်ရှေ့မှာလည်း အမျိုးသမီးတစ်ဦးရဲ့ပိုက်ဆံအိတ် ခွဲခံရပြီး ငွေကြေးတစ်ချို့ပါသွားတယ်လို့ ဈေးရောင်းနေသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။

“တနင်္ဂနွေနေ့စျေးထဲမှာလူများတယ်လေ ညီမတို့ဆိုင်မှာ သနပ်ခါးဝယ်ရင်းနဲ့ လူတွေအုံနေတဲ့အချိန် အခွင့်ကောင်းယူပြီးလုပ်သွားတာ ပိုက်ဆံတော့မပါသွားဘူး ပက်စပို့စ်ပါသွားတာ ပိုက်ဆံထင်ပြီး နှိုက်တာနေမှာပေါ့ ပိုက်ဆံမဟုတ်တော့ပြန်ထည့်ပေးလို့လည်းမရဘူးလေ မိမှာစိုးလို့ ယူသွားတာနေမယ် သနပ်ခါးဝယ်တဲ့အဒေါ်ကြီးဆို သနားဖို့ကောင်းတယ် သူ့မှာကြောက်ကလည်းကြောက်နဲ့ ဒီမနက် စျေးထဲက မုန့်ဟင်းခါးဆိုင်ရှေ့မှာလည်း ဓားခွဲပီးပိုက်ဆံတွေပါသွားတယ် ဘယ်လောက်ပါသွား လည်းတော့မသိဘူး” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ မြဝတီ-မဲဆောက်ရှိ ထိုင်း​-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအမှတ် ၁ ပြန်လည်ဖွင့်လှစ်ပြီးနောက် မြဝတီမြို့မှာရှိတဲ့ ခိုးဆိုးလုနှိုက် ဒုစရိုက်မှု ကျူးလွန်သူတွေ မဲဆောက်မြို့တွင်းဝင်ရောက်လာပြီး  ခါးပိုက်နှိုက်တာတွေ၊ လုယက်တာတွေ၊ ခိုးယူတာတွေ လုပ်ဆောင်နေတယ်လို့ မဲဆောက်မြို့တွင်းနေထိုင်သူ မြန်မာပြည်သား တွေရဲ့ပြောပြချက်အရသိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)