Revolutionary Calendar of Burama တော်လှန်ရေးပြက္ခဒိန် ရောင်းချရတဲ့ငွေကြေးနဲ့ ဒရုန်းအဖွဲ့ (၄) ဖွဲ့ကို ထောက်ပံ့ကူညီ

သြဂုတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်

Revolutionary Calendar of Burama တော်လှန်ရေး ပြက္ခဒိန်ကို ကမ်ပိန်းကာလ တစ်လပြုလုပ်ကာ ရောင်းချသွားမှာဖြစ်ပြီး ရရှိလာတဲ့ငွေကြေးတွေနဲ့ ဒရုန်းအဖွဲ့ ၄ ဖွဲ့ကို ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့မှစတင်တာ စက်တင်ဘာလ ၂၅ ရက်နေ့အထိ တော်လှန်ပြက္ခဒိန်ကို တစ်လကမ်ပိန်းပြုလုပ်ကာ ရောင်းချသွားမှာဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးတွေနဲ့ Cloud (Shar Htoo Waw)၊ Bee Force Drone Team၊ Drop for Justice Drone Team နဲ့ POA Drone Team တွေကို ကူညီထောက်ပံ့ပေးသွားမှာဖြစ်သလို အခုလိုအစီအစဥ်မျိုးကို မြန်မာမူဆလင် တော်လှန်ရေးအင်အားစုနဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းများသမဂ္ဂအဖွဲ့တို့ ပူပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ မြန်မာမူဆလင်တော်လှန်ရေးအင်အားစုမှ ပြောရေးဆိုခွင့်ရှိသူ မရိုသင်းသင်းလှိုင်ကပြောပါတယ်။

“၈ လပိုင်း၂၅ ရက်နေ့ကနေပြီးတော့ ၉ လပိုင်း၂၅ ရက်နေ့ထိ ဒီတစ်လတာကမ်ပိန်းထဲမှာဆိုရင် ပြက္ခဒိန်အဆောင် ၃၀၀၀ ရောင်းမယ် ရောင်းရင်အကျိုးအမြတ်အနေနဲ့ သိန်း ၁၅၀၀ မှန်းထားတယ် အဲ့ဒီသိန်း ၁၅၀၀ ကိုမြေပြင် ဒရုန်း team ၄ ဖွဲ့ ကိုအညီအမျှ ခွဲဝေပေးသွားမယ်ပေါ့နော် အဓိကက ဒီတော်လှန်ရေးပြက္ခဒိန်ကို မြန်မာမူဆလင်တော်လှန်ရေးအင်အားစုနဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းများသမဂ္ဂအဖွဲ့က ပူးပေါင်းပြီးတော့ ဒီပြက္ခဒိန်ကိုလုပ်တာ ကျန်တဲ့တခြားတခြားသောဆရာတွေလည်းပါတယ်ပေါ့လေ စာနယ်ဇင်းဘက်ဆရာတွေလည်းပါတယ်ပေါ့လေ”လို့သူကပြောပါတယ်။

တော်လှန်ရေးပြက္ခဒိန်စာမျက်နှာတိုင်းမှာလည်း နွေဦးတော်လှန်ရေးအတွင်းဖြစ်ပျက်ခဲ့တဲ့ အထင်ကရနေ့စွဲတွေ၊ သွေးမြေကျတဲ့နေ့တွေ၊ PDF တပ်ရင်း စတင်ဖွဲ့စည်းတဲ့နေ့တွေ၊ သပိတ်စစ်ကြောင်းနေ့စွဲတွေအပြင် ပြီးခဲ့တဲ့ နိုင်ငံရေးဖြစ်စဥ်တွေကအထင်ကရနေ့စွဲတွေလည်းပါဝင်ကာတော်လှန်ရေးပြက္ခဒိန်ကို နိိုင်ငံ ၅ နိုင်ငံအတွင်း ရောင်းချနိုင်ဖို့အတွက် စီစဥ်ဆောင်ရွက်နေတယ်လို့ သူကဆက်ပြောပါတယ်။

“ပြက္ခဒိန်ကို တော်လှန်ပြက္ခဒိန်အဖြစ်သတ်မှတ်ထားတာဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးကိုဇောင်းပေးထားတာတော့ဟုတ်တယ် သမိုင်းမှာဖြစ်ခဲ့တဲ့ တော်လှန်ရေးမှာဖြစ်ခဲ့တဲ့ ဒေတာတွေကိုပဲထည့်သွင်းထားတယ် ဒါပေမဲ့သေချာတာတစ်ခုကတော့ ဒီပြက္ခဒိန်ထဲမှာပါတဲ့ ဒေတာတိုင်းသည်တော်လှန်ရေးနဲ့ပဲသက်ဆိုင်တဲ့ သမိုင်းတွေပေါ့နော်ာဥပမာ ကျောင်းသားအရေးခင်းဖြစ်တဲ့နေ့တိုင်းရင်းသားတွေရဲ့တော်လှန်အဖွဲ့အစည်းတွေဖွဲ့တဲ့နေ့ ပြီးတော့အခုလက်ရှိချိတ်ထားတာကတော့ ထိုင်းနိုင်ငံပါတယ်၊ မလေးရှာနိုင်ငံပါတယ်၊ စင်္ကာပူပါတယ်၊ UK ပါတယ်၊ အမေရိကန်ပါတယ်”လို့သူကပြောပါတယ်။

တော်လှန်ရေးပြက္ခဒိန်အတွင်း ဆန္ဒပြတဲ့အချိန်ကနေစတင်ကာ လက်နက်ကိုင်တော်လှန်တဲ့အချိန်ထိကို လအလိုက် မှတ်တမ်းတင်ထားပေးတာဖြစ်တယ်လို့ လုပ်ငန်းစဥ်အတွင်းကူညီဆောင်ရွက်ပေးနေသူ ကိုတရုတ်က ပြောပါတယ်။

အခုလိုတော်လှန်ရေးပြက္ခဒိန်မှာ ပါရှိနေတဲ့ရုပ်ပုံတွေဟာလည်း ဆိုရှယ်မီဒီယာကနေကူးယူထားတာမဟုတ်ပဲ မူရင်းရိုက်ကူးသူတွေနဲ့ပူးပေါင်းကာ ဓာတ်ပုံတွေကို ဖော်ပြထားတာဖြစ်ပြီး ဓာတ်ပုံမှတ်တမ်းတွေကိုပြန်လည်ကြည့်ခြင်းအားဖြင့် နွေဦးတော်လှန်ရေးအတွင်း သွေးမြေကျခဲ့ပုံတွေ၊လူငယ်တွေပါဝင်ခဲ့ပုံတွေ၊ တော်လှန်ရေးအတွင်းပြည်သူတွေပါဝင်ခဲ့ပုံတွေကိုာပြန်လည်မြင်ယောင်စေပြီး တစ်ကျော့ပြန်တော်လှန်ရေးထဲပါဝင်လာအောင် ရည်ရွယ်တာဖြစ်တယ်လို့ ပြက္ခဒိန်ထုတ်ဝေသူတွေရဲ့ပြောပြချက်အရသိရပါတယ်။

သတင်း – နော်ဖူးဖူး

‌ဓါတ်ပုံ – Revolutionary Calendar of Burama

Phar Si Than (People’s Radio Myanmar)