ရွှေကုက္ကိုလ်အနီးမှာတိုက်ပွဲဖြစ်ပွားပြီးနောက် BGF မှ ငွေကြေးပေးကာ တပ်သားသစ်စုဆောင်းတာတွေ ပိုမိုလုပ်ဆောင်နေ

သြဂုတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ပိုင်းမှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်း စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်ဘက်မှ ငွေကြေးပေးဆောင်ကာ BGF တပ်သားသစ် လိုက်လံစုဆောင်းတာတွေကို အရင်ကထပ်ပိုမိုလုပ်ဆောင်နေတယ်လို့သိရပါတယ်။

ဧပြီလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်လက်အောက်ခံ  BGF တပ်ဘက်တပ်ဖွဲ့ထဲဝင်မယ်ဆိုရင် ထိုင်းဘတ်ငွေ နှစ်သောင်းကျပ်ပေးပြီး BGF တပ်သားသစ်စုဆောင်းတာတွေကို အရင်ကထပ် ပိုမိုလုပ်ဆောင်လာတယ်လို့ တပ်ဖွဲ့ဝင်တွေနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

“ရွှေကုက္ကိုလ်မှာက သင်တန်းကတော့ ၆ လ တစ်ကြိမ်ပုံမှန်ခေါ်တယ် အခုလိုအခြေနေမျိုးမှန်းတော့ ရရင်ရသလိုခေါ်မှာပဲ ပိုက်ဆံပေးပြီးခေါ်တာကတော့ အခုကတည်းကမှမဟုတ်ဘူး ဟို့အရင်ကတည်း ကပေါ့ သူတို့ရွှေကုက္ကိုလ်မှာရှိတဲ့သူတွေကျတော့ ဘတ် ၂ သောင်းပေးတယ် ပြီးတော့ ၂ နှစ်မဟုတ်ရင် သုံးနှစ်လုပ် ပြီးရင်တော့ထွက် စာချုပ်နဲ့ပေါ့ခေါ်တယ်၊ ပိုက်ဆံပေးခေါ်တာများတယ် မတ်လုံးပေးတာပေါ့ ရွာကလူတွေက ပိုက်ဆံရတော့လုပ်ကြတာပေါ့”လို့ သူကပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ရွှေကုက္ကိုလ်မြို့သစ်မှာရှိတဲ့ ကာစီနိုရုံတွေက လုံခြုံရေး အစောင့်တွေကိုပါ လက်နက်ပေးကိုင်ထားတာမျိုးတွေ ပြုလုပ်လာတယ်လို့သူဆက်ပြောပါတယ်။

“အရင်တုန်းက အစောင့်ကသက်သက် လက်နက်ကိုင်အဖွဲ့ကသက်သက် အဲ့လိုထားတယ်လေ အစောင့်ကကျတော့ တံခါးဖွင့်တံခါးပိတ်ပေါ့ လက်နက်ကိုင်ကကျတော့ သူ့ပါသူကင်းမှာနေရုံပဲ အလှည့်ကျကင်းစောင့်ရုံပဲ အစောင့်တွေကကျတော့တံခါးဖွင့်မယ် တံခါးပိတ်မယ် ပစ္စည်းစစ်တယ် အခုသူတို့ဘက်မှာ အင်အားနည်းလာတော့ ရွှေကုက္ကိုလ်မှာရှိတဲ့ လုံခြုံရေးတွေအကုန်လုံးကို လက်နက် ပေးကိုင်လာတာပေါ့” လို့ သူကပြောပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်မှာရှိတဲ့ အမျိုးသားအများစုကိုလည်း BGF တပ်တွင်းဝင်ရောက်ခိုင်းနေပြီး အခုလို BGF တပ်အတွင်း အခုလိုဝင်ရောက်ခိုင်းနေတာဟာ မြဝတီမြို့အနီးက လက်ခတ်တောင်မှာ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်မှ အထိခိုက်အကျဆုံးများခဲ့တာကြောင့်  လက်ခတ်တောင်ကို ပြန်လည်သိမ်းယူ နိုင်ဖို့အတွက် တပ်သားသစ်တွေစုဆောင်းနေတာဖြစ်တယ်လို့ BGF တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်ဖွဲ့ဘက်မှလည်း တပ်သားသစ်တွေကို ၆ လ တစ်ကြိမ် စုဆောင်းနေတာဖြစ်ပြီး စုဆောင်းရရှိတဲ့ တပ်သားသစ်တွေလည်း ရွှေကုက္ကိုလ်မြို့သစ်နဲ့ မြိုင်ကြီးငူ အနီးက ကြာအင်းရွာမှာ စစ်သင်တန်းပို့ချနေတာဖြစ်တယ်လို့ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်းက မြဝတီမြို့ရှိ လက်ခတ်တောင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူပေါင်းတပ်ဖွဲ့တွေ နေ့တိုင်းနီးပါး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ သံတောင်နဲ့ ဖာပွန်မြို့နယ်တွေမှာလည်း နှစ်ဖက်ပစ်ခတ်မှုတွေရှိနေတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောဆိုချင်အရ သိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – Cj

Phar Si Than (People’s Radio Myanmar)