လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက် မြေပြင်စစ်ကြောင်းတွေ ထိုးစစ်ဆင်ဖို့ လုပ်ဆာင်နေကြောင်းသိရ

သြဂုတ်လ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး လက်ခတ်တောင်ကို စစ်ကောင်စီတပ်က သြဂုတ်လ ၁၈ ရက် နေ့လည် ၁ နာရီခွဲလောက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြဝတီမြို့ဒေသခံတွေဆီက သိရပါတယ်။

လက်ခတ်တောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ BGF စခန်းကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်က အဆိုပါ စခန်းကုန်းကို ပြန်လည်ရရှိနိုင်ရန်အတွက် စစ်ကြာင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားတာ ၁၀ ကြိမ်ထက်မနည်းရှိနေပြီးလို့ Cobra Column က သြဂုတ်လ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က လက်ခတ်တောင်တပ်စခန်းကုန်းကို ပြန်လည် ရရှိနိုင်ရန် စစ်ကြောင်းထိုးတာမှာ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ လေကြောင်းကနေတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေပြီး သြဂုတ်လ ၁၈ ရက်နေ့ကလည်း Yak- 130 (Jet-fighter) လေယာဥ်နှစ်စီးနဲ့ ၃ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လက်ခတ်တောင်ရှိ သာသနိအဆောက်အအုံအများအပြားထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

“လေယာဥ်ပျံ နှစ်စီးနဲ့လာတယ်၊ တစ်နာရီနဲ့ နှစ်တယ့်ငါးမိနစ်မှာ၊ အဲ့ဒီနေ့ မနက်ပိုင်းကတော့ လက်နက်ကြီးနဲ့ နှစ်ချက်၊ နှစ်ချက်လောက်ဘဲ ထုတယ်၊ တိုက်ပွဲမဖြစ်ဘူး၊ လေယာဥ်လာပြီးလက်နက်ကြီးနဲ့ပစ်တာ အိမ်ပါတုန်တယ်၊ နှစ်စီး သုံးခါပစ်တယ်၊ အိမ်ကကြည့်ရင် လက်ခတ်တောင်မှာ မီးခိုးတောင်ထွက်တယ်” လို့ မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် ရဲစခန်းအနီးတစ်ဝိုက်မှာရှိတဲ့ ဘုရင့်နောင်လမ်းမကြီး၊ ဦးအောင်ဇေယျလမ်းနဲ့ ဗိုလ်ချုပ်လမ်းပိုင်းတွေကို ညနေ ၅ နာရီ နောက်ပိုင်းပိတ်ဆို့ထားပြီး မြဝတီမြို့ထဲက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းနဲ့ ရွှေမြင့်မိုရ်ဦးဘုန်းကြီးကျောင်းတွေမှာ သံချပ်ကားနဲ့ အတွဲပစ်တဲ့ဒုံးကားတွေရှိနေကာ မြစန္ဒီဂေါက်ကွင်းမှာလည်း လက်နက်ကြီး အထိုင်ချထားတယ်လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

သူက“ ဟို ၁၅ ရက်နေ့က ကားနဲ့တွဲပစ်တဲ့ဒုံးတွေကို အောင်သိဒ္ဓိကျောင်း မှာရှိနေတယ်အခု၊ ရပ်ကွက်လူကြီးတွေကို လမ်းပြခိုင်းပြီး သွားထား ထားတာ၊ သံချပ်ကားလည်း ရွှေမြင့်မိုရ်ဦးဘုန်းကြီးကျောင်းမှာ ရောက်နေတယ်၊ ရဲစခန်းတစ်ဝိုက်ကလမ်းတွေကို ညနေ ၅ နာရီဆိုရင် ပိတ်ထားတယ်၊ အရင်ကလိုဘဲ၊ တိုက်ပွဲဖြစ်ရင် အဲ့ဒီလမ်းကို ပိတ်ထားတာ”လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်လက်အောက်ခံ ရပ်ကွက်လူကြီးတွေက ကျောက်လုံးကြီး ဘုန်းကြီးကျောင်းအနောက်ဘက်မှာနေထိုင်တဲ့ ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းထားခိုင်းပြီး စျေးဆိုင်တွေလည်း ပိတ်ထားခိုင်းတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဒီဘက်တွေက ရပ်ကွက်လူကြီးတွေ ရှောင်ထားခိုင်းတယ်၊ ထိုင်တော်မူလေ အောင်သိဒ္ဓိဘုန်းကြီးကျောင်းဘက်မှာလေ အဲ့ဒီ ဘက်ခြမ်းမှာလည်း စျေးဆိုင်တွေကို ၇ နာရီဘဲရှိသေးတယ်၊ ပိတ်ထားခိုင်းတယ်၊ ပြောရမယ်ဆိုရင်တော့ ဖြစ်တော့မှာပေါ့”လို့ အောင်သိဒ္ဓိဘုရားနားမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် မြဝတီမြို့ထဲမှာရှိတဲ့ တောရကျောင်း၊ အောင်မင်္ဂလာဓမ္မာရုံ၊ ကြခတ်တောဘုန်းကြီးကျောင်း၊ ကျွန်းတောဓမ္မာရုံ၊ နဲ့ ကိုးနဝင်းဘုန်းကြီးကျောင်းတွေမှာ မြဝတီမြို့အနီးနားကျေးရွာတွေနဲ့ လက်ခတ်တောင်ပတ်ဝန်းကျင်က စစ်ဘေးရှောင် ၆၀၀ ကျော် ၁လ ကြာတဲ့အထိ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်တွင်းက မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်နဲ့ သံတောင်ကြီးမြို့တွေမှာ နေတိုင်းနီးပါးတိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ မကြာခဏ ထိခိုက်ဒဏ်ရာရရှိနေတယ်လို့ ဒေသတွင်း သတင်းအရင်း မြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

သတင်း – ကိုဖြိုး

ဓာတ်ပုံ – Cobra Column

Phar Si Than (People’s Radio Myanmar)