ထားဝယ်အကျဉ်းထောင်မှာ ထောင်ဝန်ထမ်းအကြီးအပိုင်းတွေအပါအဝင် ထောင်မှူးပါ ထိန်းသိမ်း စစ်ဆေးခံနေရ

ဩဂုတ်လ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်မှာ အကျဉ်းထောင်ရဲ့ ဒုထောင်မှူးအပါအဝင် ရာထူးအကြီးပိုင်း ထောင်ဝန်ထမ်းအများအပြား ထိန်းသိမ်းစစ်ဆေးခံနေရတယ်လို့  ထားဝယ်အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့၊ နေ့လယ်ပိုင်းအချိန်လောက်မှာ စစ်ကောင်စီတပ်က ထားဝယ်အကျဉ်းထောင်ဝင်းထဲက ဒုထောင်မှူး ဦးသူရိန်ထွန်းရဲ့ နေအိမ်ကို အလစ်ဝင်စစ်ဆေးခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

“စစ်တပ်က ဝင်စစ်တယ်။ အဲ့ဒီမတိုင်ခင်တစ်ရက်ကလည်း ဝန်ထမ်းအိမ်ယာတွေကို ဝင်စစ်တယ်။ ဘာမှ မသိမ်းဆည်းမိဘူးထင်တယ်။ သူကတော့ ထားဝယ်ထောင်မှာဆို ဒုထောင်မှူးပေါ့။ ကြယ်သုံးပွင့်နဲ့သူပေါ့။ အလစ်ငိုက်ဝင်စစ်တာ” လို့ သူကအခုလိုပြောပါတယ်။

အဆိုပါ ဒုထောင်မှူးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က အလစ်ဝင်ရောက်စစ်ဆေးတဲ့အချိန် ဖုန်းတွေနဲ့ WY ဆေးပြား၊ ICE နဲ့ ဆေးခြောက်အမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက “သူ့အိမ်မှာ မူးယစ်ဆေးက WY၊ ICE နဲ့ ဖုန်းတွေက tap screen တွေလည်းပါတယ်။ key pad ဖုန်းတွေလည်းပါတယ်။ မိတာက တော်တော်များတယ်။ ဘယ်သူ့ ပစ္စည်းတွေဆိုတာကိုတော့မသိဘူး။ ထောင်သားတွေဟာလည်းဖြစ်နိုင်တယ်” လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီ ပစ္စည်းတွေ သိမ်းဆည်းရမိပြီးနောက်မှာ ဩဂုတ်လ ၁၅ ရက်နေ့ကစပြီး  ထားဝယ်ဒုထောင်မှူး ဦးသူရိန်ထွန်း၊ ထားဝယ်ထောင်မှူးအဟောင်း ဦးအောင်နိုင်ဖေအပါအဝင် ထားဝယ်အကျဉ်းထောင်မှာရှိတဲ့ ရာထူးအကြီးပိုင်း အယောက် ၂၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က စစ်ဆေးတယ်လို့ အမည်မဖော်လိုတဲ့ အကျဉ်းထောင်ဝင်းအတွင်း နေထိုင်တစ်ဦးက ပြောပါတယ်။

“အဲ့တာတွေမိတော့ ထောင်ပိုင်လေးအပါအဝင် ထောင်မှူးအဟောင်းတစ်ယောက်ရယ် အကြီးပိုင်းတွေလည်းပါတာပေါ့။ အကုန်လုံး အယောက် ၂၀ လောက်ရှိတယ်။ သူတို့ကို ထားဝယ်ထောင်ထဲမှာဘဲ့ အထဲကနေအပြင်တောင်မထွက်ခိုင်းဘူး။ စစ်နေတာ” လို့ သူကအခုလို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့  telegram channel တစ်ခုမှာလည်း ထားဝယ်အကျဉ်းထောင်အတွင်း ထောင်ဝန်ထမ်းအချို့ အကျင့်ပျက်ချစားနေပြီး ဝင်ရောက်စစ်ဆေးခဲ့တဲ့အချိန် မူးယစ်ဆေးဝါးတွေနဲ့ ဖုန်းအများအပြားကိုလည်း တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက် ထားဝယ်အကျဉ်းထောင်တွင် အရင်ကထက်အဆများစွာ ပိုတင်းကြပ်လာပြီး ပြီးခဲ့တဲ့ ဇူလိုင်လကလည်း နယ်လုံဝန်ကြီးအဟောင်း ထားဝယ်ထောင်ကို ဝင်ရောက်စစ်ဆေးချိန် ထောင်ဝန်ထမ်တွေနဲ့ အကျဉ်းသားတွေဆီက မူးယစ်ဆေးဝါးနဲ့ ဖုန်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ထောင်ဝင်စာပို့နေတဲ့ သူတစ်ယောက်က “ထောင်ထဲမှာတော့ ပိုတင်းကြပ်တာပေါ့။ ပါဆယ်ပို့တဲ့ အချိန်ဆို တစ်ယောက်ချင်းဝင်ပို့ရတယ်။ စစ်ဆေးရေးက ခဏခဏဝင်နေတော့ အဆင်မပြေတော့ဘူး။ အပြင်မှာက ဝန်ထမ်းတွေအပြင် ရဲနဲ့ စစ်သားတွေပါ အပြင်မှာရှိတယ်” လို့ ပြောပါတယ်။

နယ်လုံဝန်ကြီးအဟောင်း ဝင်ရောက်စစ်ဆေးတဲ့အချိန် မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရရှိမိတဲ့ ထောင်ဝန်ထမ်းတွေကို ပုဒ်မတပ်တရားစွဲဆိုထာပြီး အကျဉ်းသားတွေကိုတော့ ထောင်တွင်းအပြစ်ဒဏ် သတ်မှတ်တာနဲ့ တိုက်ပိတ်တာတွေကို အခုချိန်အထိ လုပ်ဆောင်နေတယ်လို့ ထောင်တွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

အခုလက်ရှိအချိန်ထိ ဒုထောင်မှူး ဦးသူရိန်ထွန်းအပါဝင် ထောင်ဝန်ထမ်းရာထူးအကြီးပိုင်းတွေကို ထားဝယ်အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းထားရှိပြီး စစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီကသိရပါတယ်။

အခုလက်ရှိမှာတော့ ဒုထောင်မှူးအပါအဝင် ရာထူးအကြီးပိုင်း ထောင်ဝန်ထမ်းအယောက် ၂၀ ကို စစ်ကောင်စီတပ်သားတွေက အဓိကစစ်ဆေးနေပြီး အခုလက်ရှိအချိန်အထိ စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ထားဝယ်ထောင်အတွင်း အကျဉ်းသား၊ အကျဉ်းသူ ၁၀၀၀ ကျော်ရှိပြီး ထောင်တွင်း အပြစ်ဒဏ်ခံနေရတဲ့ သူတွေအထဲ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုဇင်လင်းဦးအပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့လည်း ပါဝင်နေတယ်လို့ ဒေသအတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)